စစ်ဘေးဒုက္ခသည်တွေ လွတ်မြောက်တဲ့အထိ တောင်းဆိုမည်


2018.05.01
kachin-public-youth-demostration-movement-622.jpg ပိတ်မိပြည်သူတွေ လွှတ်ပေးဖို့ ကချင်လူငယ် အရပ်ဖက်အဖွဲ့တွေ ၂၀၁၈ ခုနှစ် မေလ ၁ ရက်နေ့က သတင်းစာရှင်းလင်းစဉ်
Photo: Aung Thain Kha/RFA

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြား ပိတ်မိနေတဲ့ စစ်ဘေးဒုက္ခသည် နှစ်ထောင်ကျော် လွတ်မြောက်တဲ့ အထိ တောင်းဆိုမှုတွေ ပြုလုပ်သွားမယ်လို့ ဆန္ဒပြပွဲနဲ့ သပိတ်စခန်းဦးဆောင်သူတွေက ဒီနေ့ ပြောပါတယ်။

ဒီနေ့ မြစ်ကြီးနားမြို့က မနောကွင်းမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ မဆွတ်ဆိုင်းထွယ်က အခုလိုပြောပါတယ်။

"အခုပိတ်မိနေတဲ့ အပြစ်မဲ့ပြည်သူ နှစ်ထောင်က နိုင်ငံတော်ရဲ့ တိုးတက်မှု၊ နိုင်ငံတော်ရဲ့ တည်ငြိမ် ငြိမ်းချမ်းမှု ဘယ်အရာတွေမှာ သူတို့က သွားပြီး ခလုတ်တိုက်နေသလဲဆိုတဲ့မေးခွန်းတွေ ကျမတို့မှာ အများကြီးပေါ်လာ တယ်။ ပိတ်မိနေတဲ့ပြည်သူတွေက သူတို့ရဲ့ အခွင့်အရေးဆိုတဲ့ လုံခြုံ ငြိမ်းချမ်းတဲ့ဒေသမှာ ရှာဖွေခွင့်မရှိတော့ဘူး လားဆိုတဲ့ မေးခွန်းတွေ ကျမတို့ လူငယ်တွေ အရမ်းမေးချင်ပြီး ဒီအရာတွေပေါ်မှာ မူတည်ပြီး ကျမတို့က တော်တော်လေးကို စိတ်အားထက်သန်ခဲ့တာလည်းဖြစ်ပါတယ်။ ဒါကြောင့်မိုလို့ အခု ကျမတို့ လူငယ်တွေဟာ ဘယ်လိုပဲဖြစ်ဖြစ် ပိတ်မိနေတဲ့ ပြည်သူတွေ လွတ်မြောက် မလာမချင်း ကျမတို့ကတော့ ဥပေဒဘောင်အတွင်းက အကြမ်းမဖက်တဲ့ နည်းလမ်းနဲ့  လုပ်ဆောင်သွားမှာပါလို့ ကျမ လူငယ်တွေရဲ့ သဘောထားကို နည်းနည်း ရှင်းလင်းတင်ပြချင်ပါတယ်"

သတင်းစာရှင်းလင်းပွဲပြီးတဲ့နောက် ကချင်လူငယ်တွေဟာ စီတာပူရပ်ကွက် မနောကွင်းထဲမှာ ဆုတောင်းပွဲ ပြုလုပ်နေ ကြပါတယ်။

ဧပြီလ ၂၄ ရက်နေ့ကစပြီး အင်ဂျန်းယန်မြို့နယ် ၁၆ မိုင်နဲ့ ၁၇ မိုင်ကြားမှာ တပ်မတော်နဲ့ KIA တို့ တိုက်ပွဲဖြစ်ပွားနေ တာဖြစ်ပြီး ဒီကနေ့မနက်ပိုင်းအထိ ပစ်ခတ်နေကြဆဲပဲလို့ ဒေသခံတွေက ပြောပါတယ်။

ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်းယန်၊ တနိုင်း စတဲ့မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့အကြား တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတဲ့ ဒေသခံထောင်နဲ့ချီ ရှိနေပါတယ်။ အဲဒီလိုထွက်ပြေးရာမှာ တောတောင်တွေထဲ ပိတ်မိနေတဲ့ ဒေသခံတွေ လွတ်မြောက်ဖို့ အတွက် မြစ်ကြီးနားမြို့ မှာ မနေ့က ဆန္ဒပြတောင်းဆိုခဲ့ပြီး သပိတ်စခန်းဖွင့်လှစ်ဖို့ စီစဉ်ခဲ့ပေမယ့် တားမြစ်ခံရတာကြောင့် ရုပ်သိမ်းခဲ့ရပါတယ်။   

ဧပြီလအတွင်း ကေအိုင်အေ အခြေပြုနေရာတွေဖြစ်တဲ့ ဖားကန့်မြို့နယ် မံဝယ်ဒေသကို တပ်မတော်က နယ်မြေ ရှင်းလင်းသိမ်းပိုက်ခဲ့ပြီး အောင်လေဒ့်ဒေသ၊ ကဆုန်းဒေသနဲ့ အင်ဂျန်းယန်ဒေသတွေမှာ တပ်မတော်က ဆက်လက် နယ်မြေရှင်းလင်းနေတယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်က ဖြန့်ဝေတဲ့ လက်ကမ်းစာစောင်တွေ မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။