ကချင်ဝန်ကြီးချုပ် ပြည်တွင်းငြိမ်းချမ်းရေးအတွက် ပြော


2018.03.30
dr-khataung-622.jpg ဝိုင်းမော်မြို့မှာ ၂၀၁၈ မတ်လ ၃၀ ကပြုလုပ်တဲ့ ၄၄ နှစ်မြောက် လော်ဝေါ်စာပေနေ့ အခမ်းအနားမှာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာခက်အောင် မိန့်ခွန်းပြောကြားစဉ်
Photo: Kyaw Myo Min/RFA

ငြိမ်းချမ်းရေးရဖို့ဆိုရင် အတိုင်းအတာတစ်ခုအနေနဲ့ ပေးဆပ်ရမှာဖြစ်တယ်လို့ ကချင်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ပြောလိုက်ပါတယ်။

ကချင်ပြည်နယ် ဝိုင်းမော်မြို့က လော်ဝေါ်ရိုးရာယဉ်ကျေးမှုခန်းမမှာ ဒီကနေ့ပြုလုပ်တဲ့ ၄၄ နှစ်မြောက် လော်ဝေါ် စာပေနေ့ အခမ်းအနားမှာ ဒေါက်တာခက်အောင် က ထည့်သွင်းပြောကြားခဲ့တာဖြစ်ပါတယ်။

"ဘယ်အရာပဲဖြစ်ဖြစ် ကျနော်တို့ဟာ ပေးဆပ်ရမှသာလျင် အောင်မြင်မှာဖြစ်တယ်။ မပေးဆပ်ဘဲနဲ့ အချောင်ရတယ်ဆိုတာ ဒီလောကကြီးမှာ ဘာမှမရှိပါဘူး။ ငြိမ်းချမ်းရေးရယူလိုရင် ကျနော်တို့ အတိုင်း အတာတခုအနေနဲ့ ပေးဆပ်ရမှာဖြစ်ပါတယ်။ ထီပေါက်ချင်ပါတယ်ဆိုပြီးတော့ ထီမထိုးဘဲနဲ့ ပါးစပ်က ထီပေါက်ချင်တယ်ဆိုရင် ဘယ်လိုမှ ပေါက်လာမှာ မဟုတ်ပါဘူး။ ဒါကတော့ ကျနော် ဥပမာပြောတာပါ"

ငြိမ်းချမ်းရေးကို အမှန်တကယ်လိုချင်ရင် ပါးစပ်နဲ့ ပြောလို့မဖြစ်ကြောင်း နဲ့ အဖွဲ့အစည်းအသီးသီးရဲ့ မတူကွဲပြားမှုတွေကို ဘေးဖယ်ထားပြီး ငြိမ်းချမ်းရေးဆိုတဲ့ ခေါင်းစဉ်အောက်မှာ ဝိုင်းဝန်းအဖြေရှာမှသာ တိုင်းပြည်မှာ အလိုအပ်ဆုံးဖြစ်တဲ့ ငြိမ်းချမ်းရေးကို ရရှိမှာဖြစ်ကြောင်း ဒေါက်တာခက်အောင် က ပြောပါတယ်။

ပြည်ထောင်စုဖွား တိုင်းရင်းသားပြည်သူအားလုံးက စည်းလုံးညီညွှတ်စွာ ဝိုင်းဝန်းဆောင်ရွက်ကြမယ်ဆိုရင် ငြိမ်းချမ်းရေးကို မရနိုင်စရာ မရှိကြောင်းနဲ့ တခြားပြဿနာတွေကိုလည်း ဖြေရှင်းနိုင်တယ်လို့ ဝန်ကြီးချုပ် က ပြောပါတယ်။

လော်ဝေါ်စာပေနေ့ကို လွန်ခဲ့တဲ့ ၁၉၇၄ ခုနှစ် မတ် ၃၀ ကစပြီး နှစ်စဉ် ပြုလုပ်ခဲ့တာဖြစ်ပြီး ဒီနေ့မှာ ၄၄ နှစ်ပြည့်ခဲ့ပြီဖြစ်ကြောင်း လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမှု ဗဟိုကော်မတီ ဥက္ကဋ္ဌ ဦးလွမ်းဇောင်း က ပြောပါတယ်။

အခမ်းအနားကို ကချင်အထူးဒေသ ၁ ထာဝရငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင်ဖြစ်တဲ့ လာချိတ်အမျိုးသား ဦးဇခုန်တိန့်ယိန်း လည်း တက်ရောက်ခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နဲ့ နိုင်ငံအနှံ့ပျံ့နှံ့နေထိုင်ကြတဲ့ လော်ဝေါ် လူမျိုးတွေဟာ ကချင်တိုင်းရင်းသား ၆ မျိုးထဲက တခုဖြစ်ပြီး အစိုးရရဲ့ စာရင်းတွေအရ လူဦးရေ သောင်းဂဏန်းသာရှိပေ မဲ့ လော်ဝေါ်စာပေနဲ့ ရိုးရာယဉ်ကျေးမှု တာဝန်ရှိသူတွေကတော့ သိန်းဂဏန်းရှိတယ်လို့ ခန့်မှန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။