ကချင်ဝန်ကြီးချုပ်နဲ့ တေ့ွခွင့်ရရေး ကိုယ်စားလှယ်တွေနဲ့ ကချင်လူငယ်တွေ ဆွေးနွေး


2018.05.02
dr-khataung-622.jpg ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင် ကို ၂၀၁၈ ခုနှစ်၊ ဧပြီလ ၁၉ ရက်နေ့က တွေ့ရစဉ်
Photo: Kyaw Myo Min/ RFA

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် တောတောင်တွေထဲ ပိတ်မိနေသူတွေ အမြန်ဆုံးလွတ်မြောက်ရေးအတွက် စုဝေးဆန္ဒပြခွင့်ရရှိဖို့ ပြည်နယ်ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်တွေ့ဆုံဆွေးနွေးခွင့် ရရှိရေးအတွက် ကချင်လူငယ် ဦးဆောင်ကော်မတီက ဒီနေ့ မြစ်ကြီးနားမြို့နယ် လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံစဉ် တောင်းဆိုခဲ့ပါတယ်။

ပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရုံးမှာ တွေ့ဆုံစဉ် ဝန်ကြီးချုပ်နဲ့ တွေ့ဆုံနိုင်ရေးကိစ္စကို အဓိကထား ဆွေးနွေးခဲ့တယ်လို့ ကချင်လူငယ်တစ်ဦးဖြစ်တဲ့ မဆွတ်ဆိုင်းထွယ် က ပြောပါတယ်။

"ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ NLD အမတ်တွေနဲ့ သွားတွေ့တယ်ရှင့်၊ သူတို့ကလည်း ပိတ်မိနေတဲ့ပြည်သူတွေ လွတ်မြောက်ဖို့အတွက် လွှတ်တော်မှာလည်းတင်ခဲ့ပါတယ်တဲ့၊ ဒါပေမဲ့ သူတို့ဘက်က တပ်ပိုင်းဆိုင်ရာကို ပြောဆို တဲ့အချိန်မှာ တော်တော်ခက်တဲ့အပိုင်းတွေလည်းရှိပါတယ်တဲ့၊ ဘာပဲဖြစ်ဖြစ် ကယ်ရမယ်ဆိုတာ သူတို့လည်းသိ တယ်၊ လက်ခံပါတယ်တဲ့၊ ဘာပဲဖြစ်ဖြစ် ဝန်ကြီးချုပ်နဲ့ တိုက်ရိုက်တွေ့နိုင်အောင် ကူညီပေးမယ်ဆိုတဲ့ အပြု သဘောဆောင်တဲ့ တုံံ့ပြန်မှုတွေပေးခဲ့ပါတယ်၊ ကျမတို့လည်း အရမ်းယုံကြည်လို့ NLD အမတ်တွေဆီ သွားခဲ့ တာပေါ့၊ ဒါပေမဲ့ မျှော်လင့်သလောက်မရခဲ့ဘူးပေါ့"

ဧပြီလအတွင်း ဖားကန့်၊ မိုးကောင်း၊ အင်ဂျန်းယန်၊ တနိုင်း စတဲ့ မြို့နယ်တွေမှာ အစိုးရတပ်မတော်နဲ့ ကေအိုင်အေတို့ အကြား တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

အဲဒီတိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေကြတဲ့ ဒေသခံ ၅ ထောင်ကျော်ရှိတယ်လို့ ပြည်ပအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်တွေမှာ ဖော်ပြထားပါတယ်။

ပိတ်မိပြည်သူတွေ လွတ်မြောက်ဖို့အတွက် အချိန် နှစ်ပတ်ကြာ တောင်းဆိုဖို့ စီစဉ်ထားပေမယ့် ပြည်နယ်အစိုးရက ခွင့်မပြုတာကြောင့် ခွင့်ပြုချက်ရရှိရေးအတွက် မနောကွင်းထဲမှာ စုဝေးပြီး စောင့်ဆိုင်းနေကြတာဖြစ်ပါတယ်။

ဝိုင်းမော်မြို့နယ် မိုင်းနား နဲ့ ကာမိုင်းမြို့တွေဘက်မှာလည်း ပိတ်မိနေသူ ရာနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

လတ်တလောမှာ အင်ဂျန်းယန်မြို့နယ်ကနေ မြစ်ဆုံဒေသ တန်ဖရဲရွာကို ထွက်ပြေးလာသူ တစ်ထောင်ကျော်ရှိပြီး သူတို့ဟာ ခရစ်ယာန် ဘာသာရေးကျောင်းတွေမှာ ခိုလှုံနေကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။