မြေလွတ်မြေရိုင်းလုပ်ခွင့် ကချင်လွှတ်တော် အတည်ပြု
2016.08.03

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသက မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းတွေကို တောင်သူတွေ လုပ်ကိုင်ခွင့်ရရှိအောင် ပြည်နယ်အစိုးရက လယ်ယာမြေတွေ ဖော်ထုတ်ခွဲဝေပေးဖို့ ပြည်နယ်လွှတ်တော်မှာ အဆိုတင်သွင်းပြီး တိုက်တွန်းလိုက်ပါတယ်။
အဆိုကို မိုးညှင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်း က တင်သွင်းတာဖြစ်ပြီး တနိုင်းမြို့ နယ် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးဇော်ဝင်း က အခုလိုထောက်ခံခဲ့ပါတယ်။
"အခြားသော ရွှေ ငွေ ကျောက်စိမ်း သစ် ပယင်း စတဲ့ သဘာဝသယံဇာတများသည် ထုတ်ယူသုံးစွဲခဲ့လျှင် အနိစ္စသဘောအရ ကုန်ခမ်းခြင်းသဘောဖြစ်ပါတယ်၊ မြေသယံဇာတဖြစ်တဲ့ မြေလွတ်မြေလပ် မြေရိုင်းတွေ သာလျှင် ရေရှည်သုံးစွဲ၍ရသော သဘာဝသယံဇာတဖြစ်ပါတယ်၊ မြေလွတ်မြေလပ် မြေရိုင်းများကို စနစ်တကျ လယ်ယာမြေဖော်ထုတ်၍ ကြီးကြပ်ဖို့လိုနေကြောင်း ပြည်သူ့အစိုးရပီသကြောင်း အလုပ်ဖြင့်သက်သေပြရ မှာဖြစ်ပါတယ်"
ဒေသခံတောင်သူတွေဟာ လယ်ယာမြေလုပ်ကိုင်ဖို့ မြေနေရာမရှိတဲ့အတွက် ရွှေမှော် ကျောက်မှော်တွေနဲ့ တစ်ခြားလုပ်ငန်းတွေမှာ သွားရောက်လုပ်ကိုင်နေကြရတာကြောင့် လယ်ယာမြေတွေ စိစစ်ဖော်ထုတ်ပေးဖို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း သုံးဦးက ထောက်ခံဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။
လယ်ယာမြေကိစ္စနဲ့ပတ်သက်ပြီး ပြည်ထောင်စုအစိုးရရဲ့ ဥပဒေ၊ နည်းဥပဒတွေနဲ့အတူ အမိန့်နဲ့ ညွှန်ကြားစာတွေ အရ စိစစ်ဆောင်ရွက်ရတာဖြစ်တဲ့အတွက် အဲ့ဒီအဆိုကို မှတ်တမ်းတင်ဖို့ ပြည်နယ် စိုက်ပျိုးမွေးမြူရေးနဲ့ ဆည်မြောင်း ဝန်ကြီး ဦးမြသိန်းက ရှင်းလင်းဖြေကြားခဲ့ပါတယ်။
အဆိုတင်သွင်းတဲ့ မိုးညှင်းမြို့နယ်လွှတ်တော် ကိုယ်စားလှယ် ဦးကျော်ကျော်ဝင်းက အဆိုကို မှတ်တမ်းမတင်လိုဘဲ လွှတ်တော်ရဲ့အဆုံးအဖြတ်ကို ရယူခဲ့ရာ ထောက်ခံသူ ၂၂ မဲ ကန့်ကွက်သူ ၁၉ မဲ နဲ့ အနိုင်ရရှိခဲ့ပြီး လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသမှာ မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်း ဧက နှစ်သိန်းလေးသောင်းခန့် ရှိပြီး မြေလွတ်၊ မြေလပ် နဲ့ မြေရိုင်းများ စီမံခန့်ခွဲ့ရေးအဖွဲ့က လုပ်ငန်းရှင်အဖွဲ့အစည်း ၉ ဦး နဲ့ ကုမ္ပဏီ ၁၃ ခုကို စုစုပေါင်း မြေရိုင်းဧက နှစ်သောင်းရှစ်ထောင်ကျော်ကို လုပ်ကိုင်ခွင့်ပြုထားတာဖြစ်ပါတယ်။
အလားတူ ဖားကန့်မြို့နယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးလဆိုင်းရဲ့ ဖားကန့်မြို့နယ် လမ်းဦးစီးဋ္ဌာန က တာဝန်ယူဖောက်လုပ်နေတဲ့ ဆိပ်မူကျေးရွာကနေ ဆယ်ဇင်းကျေးရွာအထိ ၄၂ မိုင်ကျော်ရှည်တဲ့ လမ်းကို ကတ္တရာလမ်း ခင်းပေးဖို့ တိုက်တွန်းကြောင်းအဆိုကိုလည်း လွှတ်တော်မှာ ဒီကနေ့အတည်ပြုခဲ့ပါတယ်။