တနိုင်းမြို့ကို ဆန်နဲ့ စက်သုံးဆီ လွတ်လပ်စွာ သယ်ယူခွင့်ပြုဖို့ ကချင်လွှတ်တော် အတည်ပြု


2017.03.31
thura-myotin-620.jpg မြစ်ကြီးနားမြို့က ကချင်ပြည်နယ်လွှတ်တော်မှာ မတ်လ ၃၁ ရက်နေ့ကပြုလုပ်တဲ့ အစည်းအဝေးမှာ ပြည်နယ်လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ရှင်းလင်းဖြေကြားစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် တနိုင်းမြို့နယ်ကို ဆန် နဲ့ စက်သုံးဆီ ကုန်တင်ကားတွေ လွတ်လပ်စွာသယ်ယူရောင်းချခွင့်ပြုရေး အတွက် အရေးအကြီးအဆိုကို ပြည်နယ်လွှတ်တော်အစည်းအဝေးမှာ ဒီကနေ့ အတည်ပြုလိုက်ပါတယ်။

ပြီးခဲ့ဲတဲ့နှစ် နိုဝင်ဘာလကုန်ပိုင်းကစပြီး ဆန်နဲ့ စက်သုံးဆီ သယ်ယူမှုတွေကို ဒီကနေ့အထိ တားမြစ်စိစစ်နေ တာကြောင့် ဒေသအတွင်းက ပြည်သူတွေ အခက်အခဲဖြစ်နေလို့ တနိုင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်းက အရေးကြီးအဆိုကို အခုလို တင်သွင်းခဲ့တာပါ။

တနိုင်းဒေသမှာ ဆန်နဲ့ ဆီတွေဟာ လစဉ်လိုအပ်ချက်ထက် ပိုမိုဝင်ရောက်နေတာကို ထိန်းချုပ်ဆောင်ရွက် ဖို့ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်က ပြည်နယ်အစိုးရအဖွဲ့ကို ညှိနှိုင်းအကြောင်းကြားလာတဲ့အတွက် စိစစ်ဆောင် ရွက်နေတာလို့ ပြည်နယ်လုံခြုံရေး နဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သူရမျိုးတင် က ဖြေကြားခဲ့ပါတယ်။

ပြည်နယ်အစိုးရအဖွဲ့က တနိုင်းဒေသ အထွေထွေအုပ်ချုပ်ရေးဦးစီးဋ္ဌာနက တင်ပြလာတဲ့စာရင်းတွေနဲ့အညီ ဆန်နဲ့ ဆီ အရေအတွက်ကို လုံလောက်အောင် သယ်ယူခွင့်ပြုနေတယ်လို့ ဆိုပါတယ်။

အဲဒီလိုခွင့်ပြုတဲ့အထဲမှာ တနိုင်းနဲ့ နန်းယွန်းဒေသက ပြည်သူ၊ ရွှေ့ပြောင်းလုပ်သားတွေ၊ ဋ္ဌာနဆိုင်ရာတွေ၊ တရားဝင်လုပ်ငန်းရှင်တွေအားလုံး နဲ့ မော်တော်ယာဉ်တွေအတွက် ဆန်နဲ့ စက်သုံးဆီတွေကို ဖူလုံအောင် ခွင့်ပြုနေပြီး လစဉ်လိုအပ်တာထက် ပိုမိုသယ်ယူနေတာကို စိစစ်တွေ့ရှိရကြောင်းလည်းပြောပါတယ်။

ကချင်ပြည်နယ်က တနိုင်းဒေသအပါအဝင် စစ်ကိုင်းတိုင်းဒေသကြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်းယွန်း၊ ပန်ဆောင် စတဲ့ ဒေသတွေဟာ လီဒိုလမ်းမကြီးတလျှောက် မြစ်ကြီးနား - တနိုင်း - ပန်ဆောင်လမ်းကြောင်းအတိုင်း သယ်ယူပို့ဆောင်ရေးကို အသုံးပြုနေရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၀ ရက်နေ့က ပြည်နယ်လွှတ်တော်မှာ ဝန်ကြီးချုပ် က လမ်းတံတား၊ အဆောက်အဦးတွေကို မည်မျှကောင်းအောင် ဆောင်ရွက်နေကြောင်း ပြည်သူကို အစီရင်ခံချိန်မှာ ထည့်ပြောသွားပေမဲ့လည်း တနိုင်းဒေသ ဆန်နဲ့ ဆီ အခက်အခဲတွေကိုတော့ ဖြေရှင်းမပေးခဲ့ဘူးလို့ အဆိုရှင် ဦးဇော်ဝင်းက ဝေဖန်ခဲ့ပါတယ်။

ပြည်ထောင်စုနဲ့ ပြည်နယ်အဆင့် လုံခြုံးရေးနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေနဲ့ တိုင်းစစ်ဋ္ဌာနချုပ်တို့ ညှိနှိုင်းဆွေးနွေး တဲ့အခါမှာလည်း လတ်တလောအခြေအနေတွေအရ အဲဒီဒေသမှာ ဆန်နဲ့ ဆီတွေ သယ်ယူရေးနဲ့ ပတ်သက်လို့ ဆက်လက်စိစစ်ဖို့ လိုအပ်ကြောင်း အကြံပြုထားတယ်လို့ သိရပါတယ်။

အဲဒီ အရေးကြီးအဆိုကို ဒီကနေ့ တက်ရောက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးမှာ ၄၂ ဦးက ထောက်ခံတဲ့ အတွက် လွှတ်တော်က အတည်ပြုလိုက်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။