တရုတ်ရဲတွေက မြန်မာနိုင်ငံသားတွေကို လုပ်ကြံဖမ်းဆီး
2018.03.29

တရုတ်နိုင်ငံထဲကို ဝင်ခွင့်စာအုပ်နဲ့ သွားရောက်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေကို တရုတ်ရဲတွေက ဆီးစစ်ပြီး မူးယစ်ဆေး သုံးစွဲတယ်လို့ဆိုကာ ဖမ်းဆီးငွေကြေးတောင်းနေတာတွေကို မြန်မာအစိုးရက အကာကွယ်ပေးဖို့ အတွက် ကချင်ပြည်နယ် လွှတ်တော်မှာ ဆွေးနွေးခဲ့ပါတယ်။
မိုးမောက်မြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးနေဝင်းက ကချင်ပြည်နယ် လွှတ်တော်မှာ ဒီကနေ့ ဆွေးနွေးခဲ့ တာဖြစ်ပါတယ်။
"တရုတ်ငွေ ၅၀၀၀၊ တရုတ်ငွေ ၇၀၀၀၊ ဒါမျိုးနဲ့ ၁၀ ရက်တိတိစောင့်ပြီးမှ ရွေးခိုင်းတဲ့ပုဂ္ဂိုလ်တွေလည်း ပါပါတယ်။ ပြန်လွတ်လာတဲ့ ပုဂ္ဂိုလ်တွေလည်းရှိပါတယ်။ ငွေကြေးနဲ့ မရွေးနိုင်လို့ ပြန်မလွတ်ဘဲနဲ့ တရုတ်လမ်းဖောက် တဲ့နေရာမှာ သုံးလေးလ သွားရောက်အလုပ်လုပ်နေရတဲ့ လူလည်းရှိနေပါတယ်။ တရုတ်ပြည် အောက်ခြေရဲ တပ်ဖွဲ့ရဲ့ တရားမဲ့ ငွေရှာနေတဲ့လုပ်ငန်းတစ်ခုလို့ မြင်တွေ့မိပါတယ်"
မြန်မာလုပ်သားတွေကို ဆီးစစ်ပြီးနောက်မှာ ဆေးသုံးစွဲမှုရှိတယ်ဆိုပြီး တရုတ်ရဲက ဖမ်းဆီး၊ ငွေကြေးတောင်းတာတွေ အပြင် ငွေကြေးမပေးနိုင်သူတွေကို လမ်းဖောက်လုပ်တဲ့ ကုမ္ပဏီတွေကို ရဲဘက် လို့ခေါ်တဲ့ အလုပ်ကြမ်းသမားတွေ အဖြစ် စေခိုင်းနေတာတွေလည်းရှိတယ်လို့ ဦးနေဝင်းက ပြောပါတယ်။
အမှန်တကယ် မူးယစ်ဆေးဝါးသုံးစွဲမှုရှိကြောင်း စစ်ဆေးတွေ့ရှိရင် ဥပဒေအရဆောင်ရွက်တာကို လက်ခံလို့ရပေမယ့် အခုလို ဖမ်းဆီးပြီး ငွေကြေးတောင်းပြန်လွှတ်တာ၊ အလုပ်ကြမ်း လုပ်ခိုင်းနေတာတွေဟာ ဥပဒေမဲ့ လုပ်ဆောင်မှုဖြစ် တယ်လို့ ဆွေးနွေးခဲ့ပါတယ်။
မြန်မာနိုင်ငံထဲကို တရားဝင်ရော၊ တရားမဝင်ပါ ရောက်ရှိနေကြပြီး တစ်ရှူးငှက်ပျောစိုက်ခင်းတွေနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ လုပ်ကိုင်နေကြတဲ့ တရုတ်နိုင်ငံသားတွေကိုတော့ မြန်မာအစိုးရက မူးယစ်ဆေးဝါးသုံးစွဲမှု ရှိ မရှိ ဆီးစစ်ပြီး ဖမ်းဆီးအရေးယူတာတွေမရှိဘူးလို့ ဦးနေဝင်းက ပြောပါတယ်။
အဲဒီအဆိုကို ကချင်ပြည်နယ် လွှတ်တော်က ဆွေးနွေးဖို့ သဘောတူတာကြောင့် မနက်ဖြန်မှာ ဆက်လက်ဆွေးနွေး ကြမှာဖြစ်ပါတယ်။
တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်တလျှောက်က လက်နက်မှု၊ မူးယစ်ဆေးဝါးမှု၊ လူကုန်ကူးမှု စတဲ့ မှုခင်းတွေအပါအဝင် နယ်စပ်ရေးရာကိစ္စတွေကို ပူးပေါင်းဖြေရှင်းနိုင်ဖို့ ပြီးခဲ့တဲ့ မတ်လ ၆ ရက် က မြစ်ကြီးနားမြို့မှာ မြန်မာ-တရုတ် နယ်စပ်ဆက်ဆံရေးရုံးကို ဖွင့်လှစ်ခဲ့ပါတယ်။