မနောပွဲ ထည့်သွင်းကျင်းပဖို့ စီစဉ်ပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ပြောကြား
2014.12.13

လာမယ့်နှစ်ဆန်း ဇန်နဝါရီလ ၁၀ ရက်နေ့မှာ ကျရောက်မယ့် ကချင်ပြည်နယ်နေ့မှာ မနောပွဲကို မဖြစ်မနေ ထည့်သွင်းကျင်းပသွားမယ်လို့ ကချင်ပြည် နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ဒီနေ့ ကချင် လူငယ်အဖွဲ့နဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
ကချင်ပြည်နယ်နေ့မှာ မနောပွဲကို ထည့်သွင်းကျင်းပဖို့ အားလုံးစီစဉ်ထားပြီး ဖြစ်တဲ့အတွက် နားလည် လက်ခံပေးဖို့ ဦးလဂျွန်ငန်ဆိုင်းက ပြောခဲ့တယ်လို့ ဒီကနေ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့တဲ့ ကချင်လူငယ် အဖွဲ့ဝင် ကိုခွန်ဂျာနောင်က ပြောပါတယ်။
"ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်း ကိုယ်တိုင်ဦးဆောင်တဲ့ အစိုးရအဖွဲ့ရယ်၊ မနောပွဲတော်ပြုလုပ်မယ့် ဥက္ကဌနဲ့ အတွင်းရေးမှူးအပါပေါ့၊ ကျနော်တို့လူငယ်များ ၃ ဖွဲ့ပေါ့ ဆွေးနွေးဖြစ်ခဲ့ပါတယ်၊ ဆွေးနွေးပွဲမှာ ပြည်နယ်အစိုးရက ကျနော်တို့ကိုတင်ပြတဲ့ အဓိကအချက် ၄ ချက်ရှိတာပေါ့၊ ပြည်နယ်နေ့အထိမ်းအမှတ်မှာ မနေပွဲတော် ထည့်သွင်းဖို့အတွက် ပြည်သူများကလည်း ဝိုင်းဝန်းကူညီပံ့ပိုးပေးဖို့ဆိုပြီး ပြည်နယ်ဝန်ကြီးချုပ်ကိုယ်တိုင် တောင်းဆိုပါတယ်၊ အများကြီးစီစဉ်ခဲ့ပြီးဖြစ်တဲ့ အတွက် ဆက်ပြီးလုပ်ဆောင်သွားမယ့်အကြောင်းကို သူတို့ အတိအကျကိုပြောပါတယ်"
ကချင်ရိုးရာ အထိမ်းအမှတ်ဖြစ်တဲ့ မနောပွဲဟာ အောင်မြင်ခြင်း၊ ပျော်ရွင်ခြင်း၊ ပေါင်းစည်းခြင်းဆိုတဲ့ အဓိပ္ပါယ်တွေ ပါဝင်တဲ့အတွက် အခုလိုပြည်နယ်အတွင်း ငြိမ်းချမ်းမှုမရှိတဲ့အချိန်မှာ မနောပွဲမပြုလုပ်ဖို့ ကချင်ပြည်သူ တစ်သောင်းကျော်က လက်မှတ်ရေးထိုးပြီး ပြည်နယ်အစိုးရကို တင်ပြထားပါတယ်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်ကို နှစ်စဉ် ဇန်နဝါရီလ ၁၀ ရက်နေ့တိုင်း ရိုးရာမနောပွဲတော်ကို ကျင်းပခဲ့တာဖြစ်ပေမယ့် ကချင်ပြည်နယ်အတွင်း တိုက်ပွဲတွေကြောင့် ပြီးခဲ့တဲ့၂၀၁၁ ခုနှစ်မှာ နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပါတယ်။