၃ နှစ် မကျင်းပနိုင်ခဲ့တဲ့ မနောပွဲ ဇန်နဝါရီ ၅ ရက်မှာ ပြန်ကျင်းပမည်
2014.08.29

ကချင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် ၃ နှစ်ကြာ မကျင်းပနိုင်ခဲ့တဲ့ ကချင်ရိုးရာ မနောပွဲတော်ကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ဦးဆောင်ပြီး လာမယ့် ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့ထိ ၇ ရက်ကြာ ကျင်းပသွားဖို့ စီစဉ်ထားတယ်လို့ မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီ တာဝန်ရှိသူတွေ က ပြောပါတယ်။
လာမယ့်စက်တင်ဘာလကစလို့ လုပ်ငန်းကော်မတီတွေ ဖွဲ့စည်းပြီး မနောပွဲတော်ကျင်းပရေး အတွက် ဆွေးနွေးဆောင်ရွက်သွားမှာဖြစ်တယ်လို့ မနောပွဲတော်ဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးလခရိလအောင်က ပြောပါတယ်။
"အခုကျင်းပမယ့် မနောပွဲတော်က ၆၇ ကြိမ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် မနော ပွဲတော်ပေါ့နော်၊ မနောပွဲက ကျနော်တို့ အရင်လုပ်တဲ့အတိုင်းဆိုရင် ၂ဝ၁၅ ဇန်နဝါရီလ ၅ ရက်နေ့ကနေ ၁၁ ရက်နေ့အထိ ၇ ရက် ကျင်းပပါတယ်၊ အခုဒီနှစ် ပြန်ကျင်းပရအောင်ဆိုပြီး အကုန်လုံးကဝိုင်းပြီးတော့ ဆုံးဖြတ်တော့ ကျနော့်တို့ လာမယ့်စက်တင်ဘာလကစပြီးတော့ အစည်းအဝေးတွေလုပ်ပြီး ကော်မတီတွေဖွဲ့ဖို့ စီစဉ်ထားပါတယ်၊ မနောပွဲလုပ်တဲ့အခါ ကြိုတင်ပြင်ဆင်ရတဲ့အတွက်ကြောင့်မို့ ဒီကောင်မတီကို ကြိုပြီးပြင်ဆင် ရတာပေ့ါ"
ကချင်ရိုးရာမနောပွဲတော် ကျင်းပနိုင်ဖို့အတွက် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးလဂျွန်ငန်ဆိုင်းက ပြီးခဲ့တဲ့ရက်ပိုင်းက ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးမှာ အစည်းအဝေးခေါ်ယူပြီး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်က မနောကွင်းမှာ ကချင်ပြည်နယ်နေ့ အထိမ်းအမှတ်အဖြစ် နှစ်စဉ် ဇန်နဝါရီလ ၁၀ ရက်နေ့တိုင်း ရိုးရာမနောပွဲတော်ကို ကျင်းပခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့၂၀၁၁ ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့မှာ နောက်ဆုံး ကျင်းပခဲ့တာဖြစ်ပါတယ်။