အစိုးရဝန်ထမ်းခန့်အပ်ရာမှာ ဒေသခံတွေကို ဦးစားပေးဖို့ အဆို လွှတ်တော် အတည်ပြု
2018.04.02

ကချင်ပြည်နယ်က ဝေးလံခေါင်ပါးတဲ့ တောင်ပေါ်ဒေသမြို့နယ်တွေအတွက် အစိုးရဝန်ထမ်းရွေးချယ်တဲ့အခါမှာ ဒေသခံပုဂ္ဂိုလ်တွေကို အထူးဦးစားပေးရွေးချယ်ခန့်ထားပေးဖို့ ပြည်နယ်အစိုးရအဖွဲ့ထံ တိုက်တွန်းကြောင်း အဆိုကို ဒီကနေ့ လွှတ်တော်မှာ အတည်ပြုလိုက်ပါတယ်။
အဲဒီအဆိုကို ကချင်ပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင် က ထောက်ခံဆွေးနွေးခဲ့ပါတယ်။
"ဒီအဆိုဟာ လူတိုင်းကြိုက်တဲ့ အဆိုဖြစ်ပါတယ်။ နေရာတိုင်းက ကြိုက်မယ့် အဆိုဖြစ်တယ်လို့ ယူဆပါတယ်။ ဒီအဆိုကို အလေးအနက်ထောက်ခံပါကြောင်း၊ ဒီလိုအဆိုမျိုးကို နောင်လည်းထောက်ခံမည်ဖြစ်ပါကြောင်း တင်ပြအပ်ပါတယ်။ ပူတာအိုခရိုင် တစ်ခရိုင်လုံးရဲ့ ဆယ်တန်းအောင်ချက်ဟာ ပြီးခဲ့တဲ့ နှစ်မှာဆိုရင် သုံးရာနီးပါး ရှိပါတယ်။ ဥပမာ သူနာပြုသင်တန်းအတွက်ခေါ်တဲ့အခါမှာ အထူးကိစ္စရပ်နဲ့ ဆယ်ဦးသာရပါတယ်။ ကျနော် တင်ပြတောင်းခံလာတဲ့အတွက် ၁၈ ဦးအထိရပါတယ်။ အရည်အသွေးကို များစွာလျှော့လျှော့ပေါ့ပေါ့ စဉ်းစားတဲ့ အခါမှာ၊ အခွင့်အရေးကို ဖြေလျှော့ပေးနေတဲ့အခါမှာ တဖက်ကကြည့်ရင် အရည်အသွေးဟာ နိမ့်သွားပါတယ်။ အခွင့်အရေး နဲ့ အရည်းအသွေးဟာ မျဉ်းပြိုင်ဖြစ်နေပါတယ်"
ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍတွေမှာ ဝေးလံခေါင်ဖျားတဲ့ ဒေသတွေအတွက် ဝန်ထမ်းရွေးချယ်တဲ့အခါမှာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူတွေနဲ့ ဒေသခံတွေကို ဦးစားပေးရွေးချယ်ဖို့ ဆက်လက် တင်ပြသွားမယ်လို့ လူမှုရေးဝန်ကြီး ဒေါက်တာ သင်းလွင် က ပြောပါတယ်။
အဆိုကို အင်ဂျန်းယန်မြို့နယ်ရဲ့ အမှတ် ၁ မဲဆန္ဒနယ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်မိုးနော် က တင်သွင်းခဲ့ပြီး ဒီကနေ့ တက်ရောက်လာတဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေအပါအဝင် လွှတ်တော် ကိုယ်စားလှယ် ၄၅ ယောက်လုံးက ထောက်ခံခဲ့ပါတယ်။
ပြည်ထောင်စု နဲ့ ပြည်နယ်အစိုးရတွေက ဝန်ထမ်းတွေကို ရွေးချယ်ခန့်ထားတဲ့နေရာမှာ ဒေသခံပြည်သူတွေနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းနေထိုင်တတ်သူတွေ၊ အထူးသဖြင့် ဒေသခံတွေထဲကနေ ဦးစားပေးရွေးချယ် စေဖို့လည်း အဆိုရှင်က ထည့်သွင်းဆွေးနွေးခဲ့ပါတယ်။
လက်ရှိမှာ တပ်မတော် နဲ့ ကေအိုင်အေတို့ရဲ့ စစ်ရေးပဋိပက္ခ အခြေအနေတွေကြောင့် ကချင်ပြည်နယ်က တောင်ပေါ် ဒေသတချို့အပါအဝင် မြို့နယ်တချို့မှာ ဝန်ထမ်းတွေရဲ့ လုံခြုံရေး အခြေအနေတွေအရ အစိုးရယန္တရား အပြည့်အဝ မလုပ်ဆောင်နိုင်တာကလွဲပြီး ကျန်ဒေသတွေမှာ ပုံမှန်အတိုင်း လည်ပတ်နေပါတယ်။