ကချင် ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ

RFA Burmese
2024.05.31
ကချင် ရေဘေးဒုက္ခသည်တွေ အကူအညီလိုအပ်နေ ချီဖွေမြို့နယ်တွင် ရေနစ်မြုပ်နေသည့် ဒုက္ခသည်စခန်းမှ နေအိမ်များအား ၂၀၂၄ ခုနှစ်၊ မေလ ၂၉ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

ကချင်ပြည်နယ်က မြစ်၊ ချောင်းတွေမှာ ဒီရက်ပိုင်း ရေကြီးရေလျှံဖြစ်မှုတွေကြောင့် နေအိမ်ပျက်စီးဆုံးရှုံးတာတွေနဲ့ လူသေဆုံးသည်အထိဖြစ်ခဲ့ပြီး ရေဘေးလွတ်ရာ တိမ်းရှောင်နေရသူတွေအတွက်လည်း အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက မေလ ၃၁ ရက်နေ့မှာ ပြောပါတယ်။

မေလ ၂၉ ရက်နေ့ကစလို့ မြစ်ကြီးနားမြို့နယ်၊ ချီဖွေမြို့နယ်နဲ့ ပူတာအိုမြို့နယ်တို့မှာ ရေကြီးရေလျှံမှုတွေဖြစ်ခဲ့လို့ လူဦးရေ သုံးထောင်ထက်မနည်း ဘေးလွတ်ရာကို တိမ်းရှောင်နေရတာပါ။

ချီဖွေမြို့နယ် မျောမောပါရွာမှာ တောင်ကျချောင်းရေထဲ နေအိမ်နှစ်ဆယ်ကျော် မျောပါပျက်စီးခဲ့ပြီး အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ချီဖွေမြို့ပေါ်မှာတော့ မေခမြစ်ရေ ရုတ်တရက်မြင့်တက်လာတာကြောင့် မြစ်ဘေးမှာရှိတဲ့ စစ်ဘေးဒုက္ခသည်စခန်း ရေမြုပ်သွားခဲ့ပြီး စစ်ဘေးဒုက္ခသည်တွေနဲ့ ဒေသခံ စုစုပေါင်း လူတစ်ထောင်ကျော် ရွှေ့ပြောင်းခဲ့ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

“အကုန်လုံးက ဘုရားကျောင်းမှာပဲ စုနေတာ။ အခုရေတော့ကျပြီး ဒါပေမဲ့ သန့်ရှင်းရေး အများကြီးလုပ်ရဦးမယ်။ အခန်းတွေထဲအထိ ဗွတ်တွေပြည့်နေတာ။ အခုက အရေးပေါ်ပြောင်းရွှေ့ရတော့ အစားအသောက်နဲ့ ဆေးဝါးတွေ လိုအပ်နေတယ်။ စစ်ဘေးဒုက္ခသည်တွေပဲ မကဘူး ဒေသခံတွေလည်းပါတယ်။ အားလုံးဆို တစ်ထောင်ကျော်လောက်ရှိမယ်”

မြစ်ကြီးနာမြို့မှာတော့ မေလ ၂၉ ရက်နေ့ညပိုင်းမှာ ဧရာ၀တီမြစ်ရေ မြင့်တက်လာတဲ့အတွက် ကြက်ပေါင်ခြံ၊ ရမ်ပူနဲ့ လယ်ကုန်းရက်ကွက်တွေက ဒေသခံ လေးရာခန့် ရေလွတ်ရာကို ရွှေ့ပြောင်းနေထိုင်နေရတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတစ်ဦးက ပြောပါတယ်။

“ရေဘေးဖြစ်တဲ့သူတွေက သူတို့နဲ့ နီးစပ်တဲ့သူတွေဆီမှာ နေကြတာ။ တချို့က ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေမှာ နေကြတယ်။ လူဦးရေက အားလုံးဆိုရင် လေးရာဝန်းကျင်ရှိမယ်။ အခု ရေကျနေပေမဲ့ ရေကကျန်နေသေးတော့ ပြန်လို့မရသေးဘူး”

ပူတာအိုမြို့နယ်မှာတော့ ဆွမ်ပီယန်၊ ဝါဒတ်နဲ့ အင်စီယန် ရွာတွေကနေ စစ်ဘေးဒုက္ခသည် ၁၅၀၀ ခန့် တိမ်းရှောင်နေတဲ့ နေရာမှာလည်း ချောင်းလျှံမှုကြောင့် ထပ်မံရွှေ့ပြောင်းနေရတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောပါတယ်။

ရေဘေးဒုက္ခသည်တွေကို အကူအညီပေးရေးကိစ္စတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးမိုးမင်းသိန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။

စစ်ကိုင်းတိုင်း လဟယ်မြို့နယ်မှာလလည်း မေလ ၂၈ ရက်နေ့ တောင်းချချောင်းရေမြင့်တက်မှုကြောင့် မြေပြိုကျပြီး ကလေးသုံးဦး အပါအဝင် ဒေသခံ လေးဦးသေဆုံးခဲ့တယ်လို့ ဒေသအခြေစိုက်မီဒီယာဖြစ်တဲ့ Naga News သတင်းဌာနမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။