ကချင်ပြည်နယ်က စစ်ပွဲတွေ ရပ်ဆိုင်းဖို့ အိန္ဒိယနိုင်ငံတွင် ဆန္ဒပြ

ကချင်ပြည်နယ်မှာဖြစ်နေတဲ့ စစ်ပွဲတွေရပ်ဆိုင်းရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့အတွက် အိန္ဒိယနိုင်ငံ၊ နယူးဒေလီရောက် ကချင်တိုင်းရင်းသားတွေအပြင် ရဟန်းသံဃာနဲ့ တိုင်းရင်းသားပေါင်းစုံ ၆ဝခန့် ပါဝင်ပြီး ကချင်စစ်ပွဲ ချက်ချင်းရပ်၊ လူသတ်အစိုးရ အလိုမရှိ စတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ပြီး မနေ့က စနေနေ့ နေ့လယ်ပိုင်းမှာ နယူးဒေလီမြို့က ဂျန်တားမန်တားပန်းခြံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြ ပါတယ်။

2013.01.19
kachin_india_305 ကချင်ပြည်နယ် စစ်ပွဲရပ်ဆိုင်းရေး နယူးဒေလီမြို့ ဂျန်တားမန်တားပန်းခြံမှာ ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့နေကြစဉ်
Photo: RFA

ဒီလို ဆန္ဒပြကြတာနဲ့ ပတ်သက်ပြီး  ပါဝင်လှုပ်ရှားတဲ့ ကချင်အမျိုးသမီး မကော့မိုင်က အခုလို ပြောပါတယ်။

"ကချင်ပြည်နယ် မြစ်ကြီးနားမြို့တဝိုက်၊ ဖားကန့်ဘက်တွေတင်မကဘူး၊ တရုတ်ပြည်ဘက် ဖြစ်လာတဲ့အတွက်ကြောင့်မို့၊ စစ်ပွဲဟာ ပိုလို့တောင်မှ ပြင်းထန်လာတာကြောင့်မို့လို့ ဆန္ဒပြပွဲကို လာပါဝင်ရခြင်း ဖြစ်ပါတယ်၊ အခုဟာက မြန်မာစစ်အစိုးရဟာ လက်နက်အချင်းချင်းပေါ့နော်၊ လက်နက်နဲ့ကို မနိုင်တဲ့အတွက်ကြောင့်မို့လို့ သူတို့က လေယာဉ်သုံးလာတယ်၊ လေယာဉ်ပါလာတဲ့အတွက်ကြောင့်မို့လို့ စိုးရိမ်မှုတွေ ရှိလာတယ်ပေါ့၊ ဒါကြောင့်မို့ ဒီစစ်ပွဲကိုလည်း အမြန်ဆုံးလည်း ရပ်တန့်ပေးစေချင်ပါတယ်"

ကချင်ပြည်နယ်က စစ်ပွဲတွေကြောင့် ပြည်သူတစ်သိန်းကျော် အတိဒုက္ခရောက်နေရပြီး လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်လျက်ရှိကြောင်း၊ ဒါ့အပြင် စစ်တပ်ကလည်း တိုက်ပွဲတွေအတွင်း ဆွီဒင်လုပ် ခရုဇ်ဒုံးကျည်အပြင် လေယာဉ်နဲ့ ပစ်ခတ်မှုတွေကြောင့် ပြည်သူတွေ နစ်နာနေရတာကြောင့် စစ်ကိုအမြန်ဆုံး ရပ်ဆိုင်းဖို့အတွက်လည်း ဆန္ဒပြသူတွေက တောင်းဆိုခဲ့ပါတယ်။

ဦးသိန်းစိန် အစိုးရအနေနဲ့ ကချင်ပြည်နယ်အပေါ် ထိုးစစ်ဆင်တိုက်ခိုက်နေတာဟာ လူမျိုးတုန်းသတ်ဖြတ်မှုပုံစံဖြစ်နေပြီး အမြန်ဆုံးရပ်ဆိုင်းဖို့နဲ့ ငြိမ်းချမ်းရေးရှာဖွေဖို့အတွက် အလျင်အမြန်ဆောင်ရွက်ဖို့ လိုနေပြီလို့လည်း ဆန္ဒပြပွဲမှာပါဝင်တဲ့ ဇိုမီးအမျိုးသား ကိုမင်းထန် က အခုလို ပြောပါတယ်။

"ဦးသိန်းစိန်အစိုးရပဲ၊ တဖက်မှာ ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေတယ် ပြောတယ်၊ တဖက်မှာ ကချင်လူမျိုးတွေကို မျိုးပြုန်းပျောက်အောင် ချနေတယ်ဆိုတော့ ဒီဟာကတော့ ကျနော်အစိုးရကိုပဲ လုံးဝအပြစ်တင်ချင်တယ်၊ တာဝန်ရှိတယ်၊ ကချင်လူမျိုး တခုတည်းအနေဖြင့် အစိုးရကို ဘယ်တော့မှ တော်လှန်နိုင်မှာ မဟုတ်ဘူး ရေရှည်မှာ၊ အဲဒီတော့ ကချင်လူမျိုးတွေ မျိုးတုန်းသတ်ဖြတ်မယ်ဆိုရင် မြန်မာပြည်မှာ စစ်မှန်တဲ့ ဒီမိုကရေစီရနိုင်ဖို့က လုံးဝမဖြစ်နိုင်တော့ဘူး၊ အဲဒီတော့ ကျနော်က ဒီစစ်ပွဲကို မြန်မြန်ရပ်စဲချင်တယ်၊ ပြီးတော့ ဒီမိုကရေစီလမ်းကြောင်းကို မြန်မြန်လျှောက်သွားစေချင်တယ်"

ဆန္ဒပြပွဲထုတ်ပြန်ချက်ထဲမှာ အိန္ဒိယအစိုးရအနေနဲ့ မြန်မာနိုင်ငံအပေါ် လက်နက်ရောင်းချနေတာနဲ့ ပတ်သက်ပြီး ကိုယ်ကျိုးစီးပွားကြည့်ဆက်ဆံရေးကို ရပ်တန့်ဖို့၊ လက်ရှိဦးသိန်းစိန်အစိုးရနဲ့ အာဏာရကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီကို အမြန်ဆုံးဖယ်ရှားပစ်နိုင်ရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်အပါအဝင် တာဝန်ရှိသူတွေအနေနဲ့ စစ်ရပ်စဲရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။