ကချင်ပြည်နယ်မှာ အာဇာနည်နေ့ အခမ်းအနား ကျင်းပမည်
2011.07.18

(Photo: RFA)
မိုးညှင်း နဲ့မိုးကောင်းဖက်က လူငယ်တွေ ပါဝင်မှာ ဖြစ်ကြောင်း အခု လောလောဆယ်မှာ မိုးညှင်းက NLD လူငယ် အင်အား ၄၀ လောက် မြစ်ကြီးနားမြို့ကို ဒီကနေ့ရောက်ရှိနေပြီး ကြိုတင်ပြင်ဆင် နေကြတယ်လို့ ကချင်ပြည်နယ် NLD ဥက္ကဌ ဦးတာချီလဆန်းက အာရ်အက်အေကို ပြောပါတယ်။
ဗန်းမော်နဲ့ ရွှေကူဘက်က အင်အယ်လ်ဒီ လူငယ်တွေကတော့ ကေအိုင်အေနဲ့အစိုးရ တပ်တွေ အကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတဲ့ အတွက် လမ်းပန်း ဆက်သွယ်ရေး မကောင်းတာကြောင့် အာဇာနည်နေ့ အခမ်းအနားကို မတက်ရောက်နိုင်ကြောင်း ပြောပါတယ်။
အခမ်းအနားကို ဇူလိုင်လ ၁၉ ရက်နေ့မနက် ၁၀နာရီခန့်လောက် မှာ စတင်မှာ ဖြစ်ပြီး ဗိုလ်ချုပ်အောင်ဆန်းနဲ့ ကျဆုံးသွားကြတဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ အကြောင်းကို ဟောပြော ပို့ချမယ်လို့ဆိုပါတယ်။
ဒါ့အပြင် မူလတန်း ကနေ တက္ကသိုလ် ပညာရေး အဆင့် အထိ သင်ကြားနေကြတဲ့ အင်အယ်လ်ဒီ အဖွဲ့ဝင်တွေရဲ့ ကလေးတွေကို တတ်နိုင်သလောက် ငွေကြေး အကူအညီ ပံ့ပိုးပေးတဲ့ အစီအစဉ် အတွက်လည်း ပြင်ဆင်နေတယ်လို့သိရပါတယ်။