ဖယ်ခုံမြို့ကို ကရင်နီ ပူးပေါင်းတပ်တွေ ထိန်းချုပ်

RFA Burmese
2024.01.11
ဖယ်ခုံမြို့ကို ကရင်နီ ပူးပေါင်းတပ်တွေ ထိန်းချုပ် ဖယ်ခုံမြို့နယ် ရဲစခန်းကို ကရင်နီပူးပေါင်းတပ်များ သိမ်းပိုက်ထားသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၀ ရက်နေ့ကတွေ့ရစဥ်။
Maung Lay

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့ထဲက စစ်ကောင်စီရဲ့ ရုံးတွေနဲ့ ရဲစခန်းကို ကရင်နီ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ပြီး မြို့တွင်းကိုလည်း ထိန်းချုပ်ထားတယ်လို့ ကရင်နီ တပ်မတော် (KA) စစ်ရေးချုပ် ဗိုလ်မှူးကြီး ဘုန်းနိုင်က RFA ကို ဒီနေ့ပြောပါတယ်။

ဖယ်ခုံမြို့နယ်မှာ ဇန်နဝါရီ ၇ ရက်နေ့ကစလို့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတာဖြစ်ပြီး မြို့မရဲစခန်းနဲ့ စစ်ကောင်စီ တပ်စွဲထားတဲ့ ကုန်းဆုံ ဘုန်းကြီးကျောင်းကို ကရင်နီ တော်လှန်ရေး တပ်ပေါင်းစုတွေက ဇန်နဝါရီ ၈ ရက်နေ့မှာ စတင် တိုက်ခိုက်ခဲ့တာလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီကနေ့အထိ ဖြစ်နေတဲ့ ငါးရက်တာ တိုက်ပွဲအတွင်း ဖယ်ခုံမြို့နယ်မှာ စစ်တပ်ရဲ့ အဓိက အခြေစိုက် နေရာတွေကလွဲပြီး မြို့တွင်း နေရာတွေကို ထိန်းချုပ်ထားနိုင်ပြီလို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။

“မြို့ထဲမှာ အကုန်လုံး သိမ်းလိုက်ပြီ ပြောတယ်။ ရဲစခန်းလည်း မီးရှို့တယ် ပြောတယ်။ ရဲစခန်းတို့ အစိုးရရုံးတွေက မြို့ထဲမှာ နေတာလေ။ အဲဒါတွေကို သိမ်းပြီးသွားပြီလို့ ပြောတယ်။ အဲဒါတော့ အတည်ပြုလို့ ရပါတယ်”

ဖယ်ခုံမြို့နယ်အတွင်း စစ်ကောင်စီ ခြေမြန်တပ်ရင်းတွေဖြစ်တဲ့ ခမရ (၃၃၆)၊ ခမရ (၄၂၁) နဲ့ အမှတ် (၇) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ် (စကခ) တို့ အခြေစိုက်ထားတာ ဖြစ်ပါတယ်။

ဖယ်ခုံမြို့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ သေဆုံးမှု ရှိတယ်လို့ စစ်မြေပြင်ရောက် တော်လှန်ရေး တပ်ဖွဲ့ဝင်တွေက ပြောသလို ဇန်နဝါရီ ၈ ရက်နေ့ ကုန်းဆုံ ဘုန်းကြီးကျောင်းတိုက်ပွဲမှာ သေဆုံးခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေရဲ့ ရုပ်အလောင်း တွေကို မီးရှို့ပေးနေတဲ့ ရုပ်သံကို PDF Pekhon က ဇန်နဝါရီ ၁၀ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် ဖယ်ခုံမြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေဖြစ်တဲ့ ရွှေပြည်အေးနဲ့ လွယ်ပတာ စခန်းကုန်းတွေကို ဒီဇင်ဘာ ၂၃ ကနေ ၂၅ ရက်နေ့ထိ သုံးရက်ကြာ တိုက်ခိုက်ပြီးနောက် လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တယ်လို့ မိုးဗြဲ-ဖယ်ခုံ စစ်ဆင်ရေး မဟာမိတ် အင်အားစုများအဖွဲ့က ဒီဇင်ဘာလ ၂၉ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ကယားပြည်နယ်မှာ နိုဝင်ဘာလ ၁၁ ရက်နေ့က စတင်ခဲ့တဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ “တစ်လေးလုံး” စစ်ဆင်ရေး နှစ်လတာအတွင်း လွိုင်ကော်မြို့၊ ရှမ်း-ကယား နယ်စပ်မှာရှိတဲ့ မိုးဗြဲမြို့နဲ့ ဖယ်ခုံမြို့တွေမှာ ကရင်နီ တပ်ဖွဲ့တွေဘက်က နေရာ အတော်များများကို ထိန်းချုပ်နိုင်ပြီလို့ ကရင်နီ တပ်မတော် (KA) က ပြောပါတယ်။

လက်တလော ဖယ်ခုံမြို့မှာ ဖုန်းလိုင်းနဲ့ အင်တာနက်လိုင်းတွေ ပြတ်တောက်နေပြီး ဒေသခံအများစုကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေပေမယ့် ပြောင်းရွှေ့ရ ခက်ခဲတဲ့ လူတချို့လည်း ကျန်နေသေးတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

ဖယ်ခုံ မြို့နယ်တိုက်ပွဲနဲ့ ပတ်သက်ပြီး စစ်ကောင်စီက တရားဝင် သတင်းထုတ်ပြန်လာတာ မရှိသလို စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။