ဆီဆိုင်မှာ လက်နက်ကြီးကြောင့် နှစ်ဦး သေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရ
2024.02.18

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ် ထမ်းယံကျေးရွာနဲ့ ထီတမ်ကျေးရွာတွေထဲ ဖေဖော်ဝါရီလ ၁၇ ရက် ည ၉ နာရီဝန်းကျင်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးသေဆုံးပြီး နောက်ထပ် ခုနစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) ရဲ့ ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ ထမ်းယံကျေးရွာက ခြောက်လသားအရွယ် ကလေးငယ်တစ်ဦး သေဆုံးပြီး ဒေသခံငါးဦး ဒဏ်ရာရရှိကာ ထီတမ်ရွာက အမျိုးသားတစ်ဦး သေဆုံးပြီး ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။
စစ်ဘေးဒုက္ခသည်အရေး ကူညီဆောင်ရွက်ပေးသူတစ်ဦးကတော့ တောတောင်ထဲ တိမ်းရှောင်နေရတဲ့ ဒေသခံတွေထဲက ကလေးနဲ့ လူကြီးပိုင်းတွေ ရွာကိုပြန်လာချိန် လက်နက်ကြီးထိမှန်ခဲ့တာလို့ ပြောပါတယ်။
“ဒေသခံတွေကတော့ နဂိုကတည်းက တောတောင်တွေမှာ ရှောင်နေကြတာ။ အခုထိတယ်ဆိုတာကလည်း အခြေအနေနည်းနည်းအေးပြီဆိုပြီး တောထဲမှာမနေနိုင်တဲ့ လူကြီးနဲ့ ကလေးတွေ ရွာကိုပြန်လာတဲ့အချိန်မှာ အခုလိုဖြစ်သွားတာ”
ဆီဆိုင်မြို့နယ် ဘန်းယဉ်မြို့က စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ၄၂၅ နဲ့ ၄၂၆တို့က လက်နက်ကြီးနဲ့ အချက် လေးဆယ်ကျော်ပစ်ခတ်ခဲ့တယ်လို့ PNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးခွန်သိန်းမောင်ကို တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားပါတယ်။
RFA ရဲ့ စာရင်းတွေအရ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်အထိ နိုင်ငံတစ်ဝန်းမှာ လေကြောင်းနဲ့ လက်နက်ကြီးကြောင့် ၁၄၂၉ ဦး သေဆုံးပြီး ၂၆၄၁ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။