ထိုင်း-မြန်မာနယ်စပ် ရှားတောက စစ်ကောင်စီစခန်းကို KA သိမ်း
2025.02.14

ကယားပြည်နယ် (ကရင်နီပြည်) ရှားတောမြို့နယ် ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီ တောင်ကတုံးစခန်းကို ကရင်နီပြည်တပ်မတော် (KA) က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မနက်ပိုင်းမှာ တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က RFA ကိုပြောပါတယ်။
၁၂ ရက်နေ့မှာ စခန်းကို ဝင်ရောက်ရှင်းလင်းနိုင်ခဲ့တယ်လို့ KA စစ်ရေးချုပ် ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
"တောင်ကတုံးဆိုတဲ့နေရာက ကျွန်တော်တို့ ဒီအစွန်ဆုံးပဲ၊ ရှားပင်နဲ့ ကရင်နီနဲ့ဆက်တဲ့ ဘေးလေးမှာရှိပါတယ်၊ ၁၁ ရက် ၁၂ ရက်နေ့တွေက ကျွန်တော်တို့ ဒရုန်းနဲ့ပစ်တာပေါ့လေ၊ ပြီးတော့ စနိုက်ပါနဲ့ပစ်တာပေါ့၊ ထိခိုက်ကျဆုံးမှုတော့ ရှိမယ်ထင်တယ်၊ ကျွန်တော်တို့ ၁၃ ရက်နေ့ဝင်ကပ်တော့ တစ်ယောက်မှ မရှိတော့ဘူး၊ ၁၃ ရက်နေ့ မနက်စောကြီး ထွက်သွားတယ်ထင်ပါတယ်"
ဗိုလ်မှူးကြီးဘုန်းနိုင် ပြောပြချက်အရ ပွိုင့် ၅၄၁၆ - စစ်ဆင်ရေးခြေကုပ်စခန်းလို့လည်းခေါ်တဲ့ တောင်ကတုံးစခန်းမှာ စစ်ကောင်စီတပ်အင်အားလေးဆယ်ဝန်းကျင်ရှိပြီး စစ်ကောင်စီတပ်ရဲ့ မိုင်းဖြတ်မြို့အခြေစိုက် အမှတ် (၁၈) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၈) လက်အောက်ခံတပ်တွေ အထိုင်ချတာဖြစ်ပါတယ်။ အဲဒီစခန်းက တပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲတွေကြောင့် မြန်မာ- လာအိုနယ်စပ် မိုင်းယောင်းဘက်ကို ထွက်ပြေးသွားတယ်လို့ ဗိုလ်မှူးကြီးဘုန်းနိုင်က ပြောပါတယ်။
ဒီစခန်းကို လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က လက်လွှတ်လိုက်ရပြီးနောက် ကရင်နီပြည်တပ်မတော် (KA) ကပြန်လည်သိမ်းယူနိုင်တာလည်း ဖြစ်ပါတယ်။
အဲဒီစခန်းဟာ ထိုင်း - ကယားနယ်စပ်မှာ နောက်ဆုံးကျန်တဲ့ စစ်ကောင်စီတပ်စခန်းလို့ ဒေသအခြေစိုက် ကန္တာရဝတီတိုင်း (မ်) မှာ ဖော်ပြထားပါတယ်။
စခန်းသိမ်းခံရတယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့ကလည်း ထိုင်း - မြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ မယ်လယုတပ်စခန်းကို KA က ဝင်ရောက်တိုက်ခိုက်သိမ်းယူခဲ့ပါတယ်။