စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်မှာ အရပ်သား ခြောက်ဦးသေဆုံး

RFA Burmese
2024.11.10
စစ်ကောင်စီတိုက်ခိုက်မှုကြောင့် ကယားပြည်နယ်မှာ အရပ်သား ခြောက်ဦးသေဆုံး ၂ဝ၂၄ ခုနှစ် ဇွန်လ ၆ ရက်နေ့က တွေ့မြင်ရသည့် ကယားပြည်နယ်အတွင်း စစ်ဘေးဒုက္ခသည်စခန်းတစ်ခုမြင်ကွင်း။
ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်ကောင်စီတပ်က ကယားပြည်နယ်မှာ လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းသုံးတိုက်ခိုက်တာကြောင့် နိုဝင်ဘာ ၈ ရက်နေ့က အရပ်သား ခြောက်ဦးသေဆုံးပြီး သုံးဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

လွိုင်ကော်မြို့က ရွာနှစ်ခုကို နိုဝင်ဘာ ၈ ရက်နေ့ နေ့လယ်မှာ စစ်ကောင်စီက လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ဘေးဒုက္ခသည် လေးဦးသေဆုံးပြီး သုံးဦး ဒဏ်ရာရခဲ့တာလို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး (၂) ကိုဗညားက RFA ကို ပြောပါတယ်။

“နိုဝင်ဘာ ၈ ရက်နေ့ နေ့လယ် ၂ နာရီဝန်းကျင်မှာ နိုးကိုရွာနဲ့ သရက်ပင်ရွာကို လွိုင်ကော် စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်တာကြောင့် စစ်ဘေးဒုက္ခသည် လေးဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရပါတယ်”

တိုက်ပွဲဖြစ်တာမရှိဘဲ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အလားတူ ဖယ်ခုံအရှေ့ခြမ်း ကာလရွာကိုလည်း စစ်ကောင်စီက နိုဝင်ဘာ ၈ ရက်နေ့မှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသား တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်သေဆုံးခဲ့ကြောင်း ကိုဗညားက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၂၀၂၄ စက်တင်ဘာလ ၃၀ ရက်နေ့အထိ ကယားပြည်နယ်နဲ့ ရှမ်းပြည်တောင်ပိုင်းမှာ အရပ်သား ခုနစ်ရာခန့် (၆၈၃ ဦး) သေဆုံးခဲ့ကြောင်း တိုးတက်သော ကရင်နီ ပြည်သူ့အင်အားစု (PKPF) က RFA ကို ပြောပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ကြောင့် သေဆုံးခဲ့ရသူ ငါးရာကျော်ပါဝင်သလို စစ်ဘေးရှောင်ရင်း သေဆုံးသူ တစ်ရာ့ခြောက်ဆယ်ကျော်ရှိခဲ့တယ်လို့ ဆိုပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။