လင်းခေးမှာ ရေကြီးမှုကြောင့် လူနှစ်သောင်းကျော် ရေဘေးဒုက္ခကြုံ

RFA Burmese
2024.08.28
လင်းခေးမှာ ရေကြီးမှုကြောင့် လူနှစ်သောင်းကျော် ရေဘေးဒုက္ခကြုံ ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ် နမ့်အွန်ရွာတွင် ရေကြီးနစ်မြုပ်နေသည်ကို ၂၀၂၄ ခုနှစ်၊ သြဂုတ် ၂၇ ရက်နေ့က တွေ့ရစဥ်။
နမ့်ခုံးရှမ်းများပရဟိတ အသင်းခွဲ(လင်းခေးမြို့) ဓာတ်ပုံ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လင်းခေးမြို့နယ်မှာ သြဂုတ်လ ၂၅ ရက်ကစလို့ မိုးအဆက်မပြတ် ရွာတာကြောင့် နမ့်တိန်းချောင်းရေ မြင့်တက်လာပြီး လူနှစ်သောင်းကျော် ရေဘေးဒုက္ခ ကြုံနေရတယ်လို့ လင်းခေးဒေသခံတွေနဲ့ ပရဟိတအဖွဲ့တွေက RFA ကို ပြောပါတယ်။

လင်းခေးမြို့က ပင်ထနောင်း၊ ပင်ဝေါင်နဲ့ စျေးတန်းရပ်ကွက်အပါအဝင် ရပ်ကွက်လေးခုနဲ့ ကျေးရွာပေါင်း နှစ်ဆယ်ကျော်မှာ ရေကြီးနစ်မြုပ်မှုတွေ ဆိုးဆိုးရွားရွား ကြုံနေတယ်လို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် လင်းခေးမြို့ရဲ့ လမ်းပန်းဆက်သွယ်ရေးတွေပါ ပြတ်တောက်နေသလို နေအိမ် ခြောက်ထောက်ခန့် ရေနစ်မြုပ်နေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပရဟိတအဖွဲ့ဝင်တစ်ဦးက RFA ကို ပြောပါတယ်။

“အခုထိတော့ ရေက တက်နေတုန်းပဲဗျ။ လင်းခေးအထွက်လည်း သွားလို့ မရတော့ဘူး။ အရှေ့ဘက် သွားမရဘူး။ တောင်ဘက်ပိုင်းလည်း သွားမရတော့ဘူးဗျ။ အိမ်ခြေကတော့ ငါးထောင်၊ ခြောက်ထောင်လောက်တော့ ရှိပြီ။ ရေထဲမြုပ် နေတာလေ။ ပြောရရင် လင်းခေးအပြင်ဘက်က ရွာတွေဆို တစ်ရွာလုံး မြုပ်ကုန်ပြီ”

ရေဘေးဒုက္ခသည်တွေဟာ နေအိမ်အမြင့်ပိုင်းမှာ နေထိုင်ကြရပြီး ကူညီကယ်ဆယ်ရေးစခန်းတွေ မရှိသေးဘူးလို့ ဆိုပါတယ်။

ရေကြီးနစ်မြုပ်မှုကြောင့် လယ်နဲ့ စိုက်ခင်းဧကပေါင်း သုံးထောင်ကျော် ရေမြုပ်နေပြီး ရေဘေးဒုက္ခ ကြုံနေရသူတွေ စားဝတ်နေရေး ခက်ခဲလာတာကြောင့် လူမှုကူညီရေးအဖွဲ့တွေက ထမင်းထုတ်တွေ ဝေငှပေးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

လင်းခေးမြို့နယ်မှာ ၂၀၁၄ ခုနှစ်ကလည်း အခုလို ရေကြီးနစ်မြုပ်မှုတွေ ဆိုးဆိုးရွားရွား ကြုံခဲ့ရတာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ တုံ့ပြန်ချက်ရဖို့ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်ပြောခွင့်ရသူ စီးပွားရေးဝန်ကြီး ဦးခွန်သိန်းမောင်ကို RFA က သြဂုတ်လ ၂၈ ရက်နေ့ ဒီနေ့မှာ ဆက်သွယ်ပေမဲ့ လက်ခံဖြေကြားတာမရှိပါဘူး။

သြဂုတ် လဆန်းပိုင်းကစပြီး မိုးအဆက်မပြတ် ရွာခဲ့တာကြောင့် ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ပဲခူးတိုင်းမှာ ရေဘေးဒုက္ခသည် နှစ်သိန်းကျော်အထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။