နျူကလီးယားလက်နက် ထုတ်တန်ထုတ်ရမည်ဟု ဝန်ကြီးဦးအောင်သောင်းပြော
2010.08.23

မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်နေတယ်လို့ နိုင်ငံခြားမီဒီယာတွေက စွပ်စွဲနေကြောင်း၊ မြောက်ကိုရီးယားကလည်း သူ့နိုင်ငံ ကာကွယ်ရေးအတွက် သူလုပ်တာ ဖြစ်ကြောင်း၊ ဒါကြောင့် ကိုယ့်နိုင်ငံ ကာကွယ်ရေးအတွက် မြန်မာနိုင်ငံကလည်း နျူကလီးယားလက်နက်ကို ထုတ်သင့်ရင် ထုတ်ရမှာဖြစ်တယ်လိ့ု သြဂုတ်လ ၁၁ ရက် နေပြည်တော် စက်မှု (၁) ဝန်ကြီးဌာန သင်တန်းဆင်းပွဲတခုမှာ ဝန်ကြီးဦးအောင်သောင်းက ခုလို ပြောခဲ့တာ ဖြစ်ပါတယ်။
မြန်မာစစ်အစိုးရကို နျူကလီးယားလက်နက် ထုတ်လုပ်ရေးကို လျှို့ဝှက် လုပ်ကိုင်နေတယ်လို့ သံသယရှိကြောင်း ပြည်ပမီဒီယာမျိုးစုံက ရေးသားပြီး မကြာခင် ဝန်ကြီးဦးအောင်သောင်းက ခုလို တုံ့ပြန် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဦးအောင်သောင်းက ဆက်လက်ပြောရာမှာ အထူးသဖြင့် အမေရိကန်နိုင်ငံဟာ မြန်မာကို တပည့်ဖြစ်အောင် သူ့သြဇာခံနိုင်ငံ ဖြစ်အောင် စည်းရုံးနေတယ်လို့ပါ စွပ်စွဲပြောဆိုကြောင်း သင်တန်း တက်ရောက်ခဲ့သူတဦးက ပြောပြပါတယ်။
အမေရိကန်နိုင်ငံက မြန်မာစစ်အစိုးရကို ဘယ်လိုနည်းနဲ့ သြဇာခံနိုင်ငံဖြစ်အောင် စည်းရုံးနေတယ် ဆိုတာကိုတော့ ဝန်ကြီး ဦးအောင်သောင်းက ရှင်းရှင်းလင်းလင်း ပြောမသွားပါဘူး။ အမေရိကန်နိုင်ငံအပေါ် ဝန်ကြီးဦးအောင်သောင်းရဲ့ စွပ်စွဲပြောဆိုချက်တွေဟာ ဦးအောင်သောင်းရဲ့ ပုဂ္ဂိုလ်ရေး ပြောဆိုချက်လား စစ်အစိုးရရဲ့ တရားဝင် သဘောထားလား ဆိုတာကိုလည် တိတိကျကျ မသိရဘူးလို့ ဝန်ထမ်းတွေက ပြောပြပါတယ်။
ပြည်ပမီဒီယာတွေဟာ ခုလိုပဲ စွပ်စွဲ ပြောဆိုတာတွေ ၂ဝဝ၉ ခုနှစ်မှာ ၁၂၆ ကြိမ် ရှိခဲ့ပြီး ၂ဝ၁ဝ ခုနှစ်ထဲမှာ အကြိမ် ၁၅ဝ ကျော်နိုင်တယ်လို့ပါ ဦးအောင်သောင်းက ပြောခဲ့ပါတယ်။ ခုလို ပြည်ပမီဒီယာတွေရဲ့ ပြောဆိုချက်တွေကို မယုံကြဖို့ ဦးအောင်သောင်းက မှာကြားခဲ့တယ်လို့ သိရပါတယ်။