ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီကို အရေးယူနိုင်ရေး NUG ဆောင်ရွက်သွားမည်

RFA Burmese
2024.12.20
ဓာတုပစ္စည်းအသုံးပြုတိုက်ခိုက်တဲ့ စစ်ကောင်စီကို အရေးယူနိုင်ရေး NUG ဆောင်ရွက်သွားမည် ကရင်နီပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်နေရာများတွင် စစ်ကောင်စီတပ်မှ အက်စ်ဖော့စ် ဓာတုအဆိပ်များနှင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နှင့် ၈ ရက်နေ့တွေက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း KNDF မှ ထုတ်ပြန်ထားစဉ်။
KNDF

ဓာတုပစ္စည်းတွေအသုံးပြုခဲ့ပြီး စစ်ကောင်စီ တိုက်ခိုက်နေတာတွေဟာ နိုင်ငံတကာ သဘောတူစာချုပ်ကို ချိုးဖောက်တာဖြစ်ပြီး အရေးယူနိုင်ရေးအတွက် ဆောင်ရွက်သွားမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဝန်ကြီး ဦးအောင်မျိုးမင်းက ပြောလိုက်ပါတယ်။

ကရင်နီပြည်နယ်မှာ စစ်ကောင်စီတပ်က ဓာတုပစ္စည်းတွေအသုံးပြုခဲ့တာ ပတ်သက်ပြီး NUG နဲ့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) တို့ ဒီဇင်ဘာလ ၂၀ ရက်နေ့က ပူးပေါင်းပြီး အွန်လိုင်းကနေပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးအောင်မျိုးမင်းက အခုလိုပြောကြားခဲ့တာပါ။

"မြန်မာနိုင်ငံက လက်မှတ်ရေးထိုးတဲ့အတွက် အခုလိုမျိုးအသုံးပြုမှုတွေကို ခိုင်ခိုင်မာမာ စုံစမ်းစစ်ဆေးပြီးတော့ သက်သေခံ အထောက်အထားတွေနဲ့အတူ ဒီစာချုပ်ကို စောင့်ကြည်နေတဲ့ ဓာတုလက်နက်အသုံးပြုမှု တားဆီးမှုအဖွဲ့က ဒါတွေကို စုံစမ်းစစ်ဆေးပြီးတော့ အသုံးပြုမှုကိုဖော်ထုတ်ဖို့၊ အသုံးပြုတဲ့စစ်တပ်ကို အရေးယူဆောင်ရွက်ဖို့အတွက် မဖြစ်မနေ ဆက်လက်လုပ်ဆောင်ရမယ်အရာ ဖြစ်ပါတယ်၊ ဒီလိုမျိုးတားမြစ်ထားတဲ့ ရာဇဝတ်မှုဖြစ်တဲ့ ဓာတုပစ္စည်းတွေကို အသုံးပြုတဲ့ အကြမ်းဖက်စစ်တပ်ကို နိုင်ငံတကာ သဘောတူစာချုပ်ချိုးဖောက်မှုနဲ့ အရေးယူနိုင်ဖို့အတွက် ဝိုင်းဝန်းကာကွယ်ပြီးတော့ ဝိုင်းဝန်းပါဝင်လုပ်ဆောင်ပေးဖို့ တိုက်တွန်းချင်တဲ့ ရည်ရွယ်ချက်ပါရှိပါတယ်၊ နိုင်ငံတကာစာချုပ်ဖြစ်တဲ့ CWC(Chemical Weapons Convention) ကို ချိုးဖောက်မှုနဲ့ NUG အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ့်အချက် ဖြစ်ပါတယ်”

စစ်ပွဲတွေမှာ ဓာတုလက်နက်တွေ၊ ဓာတုပစ္စည်းတွေ အသုံးပြုတိုက်ခိုက်တာတွေကို တားဆီးနိုင်ဖို့အတွက် ၁၉၉၂ ခုနှစ်မှာ နိုင်ငံတကာမှာစတင်ခဲ့ပြီး နိုင်ငံပေါင်း ၁၉၀ ကျော်က ဓာတုလက်နက်အသုံးပြုခြင်းဆိုင်ရာစာချုပ် (Chemical Weapons Convention(CWC)) ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။ မြန်မာနိုင်ငံကလည်း ၂၀၁၅ ခုနှစ်က လက်မှတ်ရေးထိုးခဲ့တယ်လို့ ဦးအောင်မျိုးမင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၇ ရက်နဲ့ ၈ ရက်တွေမှာ စစ်ကောင်စီတပ်က မိုးဗြဲမြို့နဲ့ အနီးဝန်းကျင်ကို ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ အက်စ်ဖော့စ် ၅၆၀ တံဆိပ်ပါ အဆိပ်ငွေ့ပြားတွေကို ထည့်သွင်းအသုံးပြု တိုက်ခိုက်ခဲ့ပြီး ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ရဲဘော်တချို မူးဝေတာတွေဖြစ်ခဲ့တယ်လို့ KNDF အမှတ်(၁) ဗျူဟာမှူး ခွန်းထက်စိုးက သတင်းစာရှင်းလင်းပွဲမှာ ပြောသည်။

စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက်ပိုင်း ကရင်ပြည်နယ်၊ ကရင်နီပြည် (ကယား) နဲ့ ရှမ်းပြည်နယ်က တိုက်ပွဲတွေမှာလည်း ဓာတုပစ္စည်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ပွဲတွေမှာ ဓာတုလက်နက်တွေ သုံးစွဲနေတယ်ဆိုတဲ့အချက်အလက်တွေ လူ့အခွင့်ရေးဝန်ကြီးဌာနအနေနဲ့ အများအပြား စုဆောင်းရရှိထားတယ်လို့လည်း ဦးအောင်မျိုးမင်းက ပြောပါတယ်။

စစ်ကောင်စီက ဓာတုပစ္စည်းတွေ အသုံးပြုတိုက်ခိုက်တယ်ဆိုတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA ကဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။