စစ်ကောင်စီတပ် ဓာတုဗုံး အသုံးပြုကြောင်း ညီနောင်သုံးဖွဲ့ ထုတ်ပြန်ချက် စစ်ကောင်စီ ငြင်းဆို
2023.12.04

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က စစ်ကောင်စီတပ်ရဲ့ တရွန်အိုင်ဗျူဟာနဲ့ နှုံးဘူးဗျူဟာကို ဝင်တိုက်ချိန် စစ်ကောင်စီတပ်ဟာ ဂျက်တိုက် လေယာဉ်တစ်စင်းနဲ့ Chemical Warfare Agents ဓာတုဓာတ်ငွေ့ပါ ဗုံးတွေကို အသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ ညီနောင်မဟာမိတ် သုံးဖွဲ့က ဒီဇင်ဘာ ၃ ရက် မနေ့က ထုတ်ပြန်ပါတယ်။
အဲဒီ စစ်ကောင်စီတပ်ရဲ့ ဗျူဟာနှစ်ခုကို သိမ်းပိုက်နိုင်ရေးအတွက် နိုဝင်ဘာ ၁၄ ရက်နေ့ကစပြီး ရက္ခိုင့်တပ်တော် (AA) က ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ထိုးစစ်အရှိန် မြင့်တက်နေသလို စစ်ကောင်စီတပ်ရဲ့ ခုခံစစ်လည်း အမြင့်ဆုံးအချိန်ကို ရောက်နေပြီး မနေ့က တစ်ရက်တည်းမှာတင် ဂျက်တိုက်လေယာဉ်တွေနဲ့ အကြိမ် သုံးဆယ်ကျော်အထိ ပစ်ကူပေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒီဇင်ဘာလ ၃ ရက် မနေညနေ ၆ နာရီခွဲကျော်မှာ လာရောက် ပစ်ကူပေးခဲ့တဲ့ ဂျက်တိုက်လေယာဉ်ဟာ Chemical Warfare Agents ဓာတုဓာတ်ငွေ့ ပါတဲ့ဗုံးတွေကို အသုံးပြုခဲ့တာလို့ ဆိုပါတယ်။
အဲဒီလို ဓာတုဓာတ်ငွေ့ ပါတဲ့ဗုံးနဲ့ တိုက်ခိုက်မှုမျိုးကို ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ် အထိနာတဲ့ တိုက်ပွဲတချို့မှာ အခုလိုပဲ သုံးစွဲခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။
ဓာတုဓာတ်ငွေ့ပါဗုံး သုံးတယ်ဆိုတဲ့အပေါ် RFA အနေနဲ့လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ချင်းပြည်နယ် ပလက်ဝ မြို့နယ်အတွင်း (AA) နဲ့တိုက်ပွဲမှာ ဓာတုဓာတ်ငွေ့ပါဗုံး သုံးခဲ့တာမရှိဘဲ အဲဒီလို ပြောဆိုမှုတွေဟာ သတင်းတု၊ သတင်းမှား ဖြန့်ဝေနေတာသာ ဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်တဲ့ သတင်းဌာနတွေကို ဒီကနေ့ ဖြေဆိုထားပါတယ်။
သူတို့အနေနဲ့ အကြမ်းဖက်မှု ချေမှုန်းရေး စစ်ဆင်ရေး ဆောင်ရွက်ရာမှာ ထိရောက်တဲ့ လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူပြီး တိုက်ခိုက်နေတာကြောင့် AA အဖွဲ့ အကျအဆုံးများလာပြီး အခုလို သတင်းအမှားတွေ ထုတ်ပြန်တာလို့ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင်တပ်တော် (AA) ဟာ နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး တိုက်ပွဲ စတင်ဖြစ်နေတာပါ။
တိုက်ပွဲကာလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး၊ လက်နက်ငယ် ပစ်ခတ်မှုကြောင့် ရခိုင်မှာ ဒေသခံ သုံးဆယ်ကျော် သေဆုံးပြီး တစ်ရာကျော် ဒဏ်ရာရခဲ့တယ်လို့ ဒီဇင်ဘာ ၁ ရက်နေ့မှာ (AA) က ထုတ်ပြန်ထားပါတယ်။