အစိုးရတပ်များ ဓာတုလက်နက် ပိုသုံးနေတယ်လို့ KIO စွပ်စွဲ
2011.11.11

Kachin News Group
“တပ်ဖွဲ့တွေကတော့ ခလရ ၂၃၇ နဲ့ ခမရ ၃၂၀။ မနက် ၉နာရီခွဲလောက်မှာ တိုက်ပွဲက စတယ်။ သူတို့ပစ်တဲ့ လက်နက်ကြီးတိုင်းမှာ တော်တော် များများ အဲလို လက်နက်တွေ သုံးကြတယ်။ ကျွန်တော်တို့ အဖွဲ့တွေက အခါတိုင်း ရိုးရိုးပုံစံ ဖြစ်နေတော့ မာ့စ်က်တွေ တပ်မသွားဘူး။ ဗိုလ်ကလေး တစ်ယောက်ကတော့ တော်တော်လေး ဆိုးဆိုးဝါးဝါး ဖြစ်တော့ နောက်တန်းကို ပြန်ပို့ထားတာ ရှိတယ်။ အခုတော့ ဖြစ်တဲ့ဖြစ်စဉ် သက်သေ ပစ္စည်းတွေကိုတော့ စုတော့ စုခိုင်းထားတယ်”
ဖကွန်ကျေးရွာဟာ ကေအိုင်အို တပ်မဟာ ၃ ဆန်ဂန် တပ်စခန်းရဲ့ အထက်ဘက်မှာ ရှိပါတယ်။
နှစ်ဘက်ရင်ဆိုင် တိုက်ပွဲမှာ ကေအိုင်အေ တပ်တွေ ရှိတဲ့ဘက်ကို ပစ်တဲ့ လက်နက်ကြီး ကျည်ဆံတွေထဲမှာ အဲဒီ ဓာတုလက်နက်တွေ ပါလာတာ ဖြစ်ပါတယ်။ အဲဒီ လက်နက်ကျည်ဆံ ကျတဲ့အခါ တခြား လက်နက်တွေလို အသံမြည်တာ မတူတဲ့ အပြင် မီးခိုးထွက်တာလည်း မတူဘူးလို့ သိရပါတယ်။ ဗိုလ်တစ်ယောက် အပါအဝင် ရဲဘော် လေးငါးယောက်လောက်ဟာ မူးမေ့ အော့အန်ပြီး လမ်းမလျှောက်နိုင်တော့ဘူးလို့ ဆိုပါတယ်။ နောက်ပိုင်း အဲဒီဓာတု အငွေ့တွေ ဒဏ်ခံနိုင်ဖို့ ဓာတ်ငွေ့ကာ မျက်နှာဖုံးတွေကို ကေအိုင်အိုက ရှေ့တန်း စခန်းတွေကို ဖြန့်ဝေထားတယ်လို့ ဦးလနန်က ပြောပါတယ်။
အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း ဝိုင်းမော် မြို့နယ် ဂါးရာယန်ကျေးရွာ အနီးမှာ ရှိတဲ့ လုံဇက်ကောင် ဆိုတဲ့ ခံစစ်ကုန်းကို အစိုးရတပ်က လက်နက်ကြီး အများအပြား ပစ်တဲ့ အထဲမှာ အလားတူ ဓာတုလက်နက်တွေ အသုံးပြုခဲ့တာကြောင့် အဲဒီတောင်ကုန်းကို ကေအိုင်အိုက ဖယ်ပေးလိုက်ရတယ် လို့လည်း သိရပါတယ်။
အခုလုပ်ရပ်ကိုကြည့်ခြင်းအားဖြင့် အစိုးရတပ်ဟာ ဓာတုလက်နက်တွေကို အရေးကြီးတဲ့နေရာကို ရွေးပြီးသုံးတာမဟုတ်ဘဲ ရှင်းလင်းရေးလုပ်တဲ့အခါမှာ သုံးချင်သလို သုံးနေတာဖြစ်တယ်လို့လည်း ဦးလနန်ကပြောပါတယ်။
အစိုးရတပ်က ဓာတုလက်နက် သုံးစွဲတဲ့ အဆင့် အထိ သူတို့ကို တိုက်ခိုက်လာတဲ့ အပေါ် ကေအိုင်အိုက ခုခံစစ်နဲ့ပဲ ပြန်လည် တိုက်ခိုက်သွားမှာ ဖြစ်ပြီး ဒီကိစ္စနဲ့ ပတ်သက်လို့ နိုင်ငံတကာက ပြောဆိုသင့်နေပြီလို့ ဦးလနန်က ဆက်ပြောပါတယ်။
ကချင်ပြည်နယ် အတွင်းမှာ အစိုးရတပ်က လူအင်အား လက်နက် အင်အား အများအပြားနဲ့ ထိုးစစ်ဆင် နေရာမှာ ကား၊ ရထား စတဲ့ ထောက်ပံ့ရေးယာဉ်တွေနဲ့ တပ်တွေကို ကေအိုင်အိုက လမ်းကနေ ပျောက်ကြားနည်းနဲ့ ပိတ်ဆို့ တိုက်ခိုက် ခုခံနေတာ ဖြစ်ပါတယ်။