ဆီဆိုင်တိုက်ပွဲမှာ စစ်တပ်က ဓာတုအဆိပ်ငွေ့ဗုံး သုံးခဲ့ကြောင်း PNLA ပြော
2024.03.08

ရှမ်းပြည်နယ်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်းက မတ်လ ၆ ရက်နေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး ဓာတုအဆိပ်ငွေ့ဗုံးတွေ ကြဲချခဲ့တာကြောင့် တပ်ဖွဲ့ဝင်ရှစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ပအိုဝ်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (PNLA) က ပြောပါတယ်။
ထိခိုက်ဒဏ်ရာရခဲ့သူတွေဟာ ဒီနေ့အထိ ဆေးကုသံမှု ခံရယူနေရတယ်လို့ PNLA ပြန်ကြားရေးတာဝန်ရှိသူ ခွန်ရိန်းယံက RFA ကို ပြောပါတယ်။
“အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်တာ။ ရှူရှိုက်မိတဲ့ရဲဘော်တွေက ခံစားရတဲ့ဝေဒနာတွေက ပုံစံတူတွေပဲဖြစ်တယ်ပေါ့နော်။ မူးဝေတာ၊ အရေပြားတွေ ယားတာ၊ စိတ်အတက်အကျမြန်တာ၊ အောက်ဆီဂျင်ကျတာ အဲဒီလိုမျိုးတွေက ပုံစံတူခံစားကြရတာပေါ့လေ။ အရပ်သားတချို့လည်း ထိတယ်။ ကျွန်တော်တို့ ရဲဘော်ကတော့ ရှစ်ဦးအထိ ဆေးဝါးကုသပေးနေရတုန်း ဖြစ်တယ်ပေါ့နော်”
စစ်ကောင်စီက ဘယ်လိုအမျိုးအစား အဆိပ်ငွေ့ကို အသုံးပြုခဲ့တယ်ဆိုတာကိုတော့ စစ်ဆေးနေတုန်းပဲလို့ သူကဆိုပါတယ်။
ဓာတုအဆိပ်ငွေ့သုံးကြောင်း ပြောဆိုချက်နဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိပါဘူး။
စစ်ကောင်စီဘက်ကတော့ ဓာတုဗုံး အသုံးပြုတိုက်ခိုက်တယ်ဆိုတဲ့ ပြောဆိုမှုနဲ့တွေနဲ့ပတ်သက်လို့ မဟုတ်မှန်ကြောင်း အမြဲလိုလို ငြင်းဆိုလေ့ရှိပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေးကာလ နမ့်ခမ်းမြို့ စခန်းသစ်ကုန်းတိုက်ပွဲနဲ့ လားရှိုးမြို့နယ် မိုင်းကျက် စခန်းသိမ်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်က ဓာတုဗုံးတွေကို အသုံးပြုခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ဖူးပါတယ်။