အလည်အပတ်ဗီဇာနဲ့ ပြည်ပမှာ အလုပ်လုပ်ခွင့် စစ်ကောင်စီ ကန့်သတ်

RFA Burmese
2024.08.15
အလည်အပတ်ဗီဇာနဲ့ ပြည်ပမှာ အလုပ်လုပ်ခွင့် စစ်ကောင်စီ ကန့်သတ် ပြည်ပထွက်ခွာမည့်သူများအား ၂၀၂၄ ခုနှစ်၊ ဇွန် ၂၉ ရက်နေ့က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တွေ့ရစဥ်။
Photo: RFA

အလည်အပတ်ဗီဇာ PV လို့ခေါ်တဲ့ Passport For Visit နဲ့ ပြည်ပထွက်ပြီး အလုပ်လုပ်တာတွေကို စီစစ်တားမြစ်နေပြီး အလုပ်သမားတွေအနေနဲ့ ပြည်ပအလုပ်အကိုင် အလုပ်သမားသက်သေခံကတ်ပြား (Oversea Worker Identification Card - OWIC) ကိုလုပ်ကြဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာနက ဩဂုတ်လ ၁၄ ရက် မနေ့က ထုတ်ပြန်ပါတယ်။

လေဆိပ်နဲ့ နယ်စပ်ဂိတ်အားလုံးမှာ စစ်ဆေးတားမြစ်တဲ့အချိန် နစ်နာမှုတွေမဖြစ်ဖို့ အလုပ်သမား နိုင်ငံကူးလက်မှတ် PJ လို့ခေါ်တဲ့ (Passport for Job) နဲ့ OWIC ကတ်ပါမှ ခွင့်ပြုပေးမယ်လို့ ဆိုပါတယ်။

ဒါဟာ ၁၉၉၉ ခုနှစ်က ပြဋ္ဌာန်းခဲ့တဲ့ ပြည်ပအလုပ်အကိုင်ဆိုင်ရာဥပဒေအရ လေဆိပ်နဲ့ နယ်စပ်ဂိတ်အားလုံးမှာ ပြည်ပကို ထွက်အလုပ်လုပ်မယ့်သူတွေ OWIC ကတ် ပါ မပါ စစ်ဆေးပြီး မပါတဲ့သူတွေကို တားမြစ်နေရတာလို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

အလုပ်သမားသက်သေခံကတ်ပြား OWIC ကတ်ကို နေပြည်တော် အလုပ်သမားရုံးချုပ်က ထိန်းချုပ်ထားပြီး ကန့်သတ်မှုတချို့ရှိနေတယ်လို့ ရန်ကုန်မြို့က ပြည်ပအလုပ်အကိုင်အေဂျင်စီတစ်ဦးက RFA ကို ပြောပါတယ်။

"နေပြည်တော်အလုပ်သမားရုံးချုပ်က ခွင့်ပြုပေးမှ တက်ခွင့်ရတဲ့ ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း ကို အရင်တက်ရမှာ၊ အဲဒီသင်တန်း ပြီးစီးအောင်မြင်တဲ့လက်မှတ်၊ ဗီဇာ စတဲ့ မူရင်းစာရွက်တွေပြနိုင်မှသာ OWIC ကတ်ကို ထုတ်ပေးတာပါ"

အဲဒီလို OWIC ကတ်ရဖို့အတွက် လစာရဲ့ ၂၅ ရာခိုင်နှုန်းကို တစ်လချင်းဖြစ်စေ ဒါမှမဟုတ်ရင် သုံးလပေါင်း လစာရဲ့ ၂၅ ရာခိုင်နှုန်းဖြစ်စေ အိမ်ကိုလွှဲရမဲ့အပြင် နှစ်ရာခိုင်နှုန်း အခွန်ဆောင်ရမှာလည်းဖြစ်ပါတယ်။

ဒီ့အပြင် စစ်မှုထမ်းဖို့ အကြောင်းကြားစာရောက်တဲ့အခါ ပြည်ပအလုပ်စာချုပ်ပြီးတာနဲ့ ပြည်တွင်းကိုပြန်လာပြီး စစ်မှုထမ်းမယ်ဆိုတဲ့ ဝန်ခံကတိတွေ ပေးနိုင်တဲ့သူမှရတာလို့ သူက ပြောပါတယ်။

ဒါနဲ့ပတ်သက်လို့ အသေးစိတ်မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ အလုပ်သမားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးညွန့်ဝင်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ ဖြေကြားတာ မရှိပါဘူး။

စစ်ကောင်စီက ဇွန် ၆ ရက်နေ့ကစပြီး အလုပ်သမား နိုင်ငံကူးလက်မှတ် (PJ) ကနေ အလည်အပတ် နိုင်ငံကူးလက်မှတ် (PV) ကို ပြောင်းရာမှာ ခြောက်လနဲ့အထက် သက်တမ်းရှိတာတွေကို ပြောင်းလဲခွင့်မပြုတော့သလို ပြည်ပထွက်ခွင့်ရှိတဲ့ အမျိုးသားတွေရဲ့ အသက်အရွယ်ကိုလည်း ကန့်သတ်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။