ချင်းပြည်နယ်မှာ ဘုရားကျောင်းတက်ရေး ခွင့်ပြုချက်တောင်းဖို့ စစ်ကောင်စီအမိန့်ထုတ်
2023.02.15
ချင်းပြည်နယ်က စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်ရှစ်မြို့နယ်မှာ ခရစ်ယာန် ဘာသာရေးအသင်းတွေ ဘုရားကျောင်းတက် ဝတ်ပြုကိုးကွယ်မယ့် အစီအစဉ်ကို တစ်ပတ်ကြိုတင်ခွင့်ပြုချက်ယူဖို့ အမိန့် ထုတ်ထားတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
ဘုရားကျောင်းတွေမှာ တနင်္ဂနွေနေ့ ဝတ်ပြုမယ့်အစီအစဉ်ကို တနင်္လာနေ့တိုင်းမှာ ခရိုင်အထွေထွေ အုပ်ချုပ်ရေးရုံးကို ခွင့်ပြုချက်တင်ရမယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်က အမိန့်ထုတ်ပြန်ခဲ့တာလို့ ဆိုပါတယ်။
ဒီလိုဝတ်ပြုဆုတောင်းတဲ့ကိစ္စတွေကို တင်းကျပ်ကန့်သတ်လာတာက ဘာသာရေး လွတ်လပ်ခွင့်အရ မဖြစ်သင့်ဘူးလို့ ဒေသခံ ခရစ်ယာန်ဘာသာဝင်တစ်ဦးက ပြောပါတယ်။
"ဘာသာရေးလုပ်တာကို ဘုရားကျောင်းတက်ဖို့ သူတို့ဆီက အမြဲ ခွင့်ပြုချက် တောင်းဖို့က မလွယ်ဘူးလေ။ အဲတော့ နာရေးကိစ္စတွေကျတော့လည်း သူတို့ဆီက ခွင့်မပြုမချင်း ထားရမှာလား။ ဘာသာရေးနဲ့ တော့ မဆိုင်သင့်ဘူးလို့ထင်တယ်"
ချင်းပြည်နယ်မှာ မြို့နယ်ကိုးခုရှိတဲ့အနက် တီးတိန်၊ တွန်းဇံ၊ ဟားခါး၊ ဖလမ်း၊ ထန်တလန်၊ မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့နယ်တွေကို စစ်အုပ်ချုပ်ရေးကြေညာထားပါတယ်။
စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေမှာ အမိန့်တစ်စုံတစ်ရာမရှိဘဲ ည ၆ နာရီကနေ နံနက် ၆ နာရီအတွင်း လုံခြုံရေး တာဝန်ရှိသူကလွဲပြီး ဘယ်သူမှ လမ်းပေါ်မှာသွားလာခြင်း မပြုဖို့ အနောက် မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်သန်းထိုက်က ဖေဖော်ဝါရီလ ၄ ရက်က အမိန့်ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒီ့အပြင် နံနက် ၆ နာရီကနေ ည ၆ နာရီအတွင်း လူ ၅ ဦးနဲ့အထက်ပိုပြီးစုဝေးတာ၊ လမ်းလျှောက်တာ၊ စီတန်းလှည့်လည်တာ၊ ဟောပြောလှုံ့ဆော်တာ၊ ရုန်းရင်းဆန်ခတ် ဖြစ်တာ၊ တုတ်၊ ဓား၊ လက်နက်နဲ့ မီးလောင်စေတတ်တဲ့ပစ္စည်း ကိုင်ဆောင်တာတွေ မလုပ်ဖို့လည်း တားမြစ်ထားပါတယ်။
စစ်ကောင်စီက စစ်အာဏာသိမ်း ၂ နှစ်ပြည့်တဲ့နေ့မှာ နောက်ထပ်ခြောက်လ သက်တမ်းထပ်တိုးခဲ့ပြီး ချင်းပြည်နယ်အပါအဝင် လက်နက်ကိုင်ခုခံမှုအားကောင်းတဲ့ မြို့နယ် ၃၇ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ပါတယ်။ ယခင်က စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ မြို့နယ် ခုနစ်ခုရှိတာကြောင့် နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေး ကြေညာ ထားတဲ့ မြို့နယ် ၄၄ ခု ရှိလာပါပြီ။