စစ်ကောင်စီကို ရှင်းထုတ်ရမယ်လို့ MNDAA ပြော
2024.01.02

အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို နောက်ကွယ်က အကာအကွယ်ပေးနေတဲ့ စစ်ကောင်စီကို အပြတ်ရှင်း ထုတ်ရမယ်လို့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ရဲ့ စစ်ဦးစီးချုပ် ဦးဖုန်တာရွှင် က ပြောလိုက်ပါတယ်။
၂၀၂၄ ခုနှစ် နှစ်သစ်ကူးမိန့်ခွန်းမှာ MNDAA စစ်ဦးစီးချုပ်က ပြောခဲ့တာဖြစ်ပြီး ဇန်နဝါရီလ ၂ ရက်နေ့မှာ MNDAA က သတင်းထုတ်ထားတာပါ။
"ကိုးကန့်ဒေသ၏ ဆိုက်ဘာမှုခင်းကို အပြတ်ရှင်းလင်းပြီး ပြည်သူလူထုများကို ကယ်ထုတ်ရန်၊ ကိုးကန့်ရုပ်သေး မိသားစုကြီး လေးဖွဲ့နှင့် ၎င်းနောက်ကွယ်ရှိ အင်အားစုကြီးကို အမြစ်ပြတ် ရှင်းထုတ်ရပါမည်"
၁၀၂၇ စစ်ဆင်ရေး မစတင်ခင် ၂၀၂၃ အောက်တိုဘာလ ၂၀ ရက်နေ့က အွန်လိုင်းငွေလိမ်လုပ်ငန်းတွေမှာ ပါဝင်နေတဲ့ တရုတ်လူမျိုး ဆယ်ဦးကျော်ဟာ ထွက်ပြေးလို့ ပစ်သတ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ ကိုးကန့်က အာဏာရှိ မိသားစုကြီး လေးဖွဲ့ကို ပြည်သူ့စစ်အဖြစ် ဖွဲ့စည်းခွင့်ပေးထားပြီး အဲဒီပြည်သူ့စစ်တွေက အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို လက်နက်နဲ့ အကာအကွယ်ပေးနေတယ်လို့ သူက ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေး စတင်ပြီး နောက်မှာလည်း အွန်လိုင်းငွေလိမ်လည်မှု ကျူးလွန်တဲ့ ခေါင်းဆောင်တွေကို စစ်ရဟတ်ယာဉ်နဲ့ တခြားဒေသကို ပြောင်းရွှေ့ပေးခဲ့တာ တွေ့ရတယ်လို့ သူက ဆိုပါတယ်။
စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ MNDAA ဟာ လောက်ကိုင်မြို့မှာ တရုတ်နိုင်ငံသားတွေကို လူသားဒိုင်းလုပ်နေတယ်လို့ စွပ်စွဲထားသလို အွန်လိုင်းငွေလိမ်လုပ်ငန်းက တရုတ်နိုင်ငံသား တချို့ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) ဆီမှာ အခကြေးငွေပေးပြီး ရှောင်တိမ်းနေတယ်လို့ ၂၀၂၃ ဒီဇင်ဘာ ၃၀ ရက်နေ့က ပြောခဲ့ပါတယ်။