နိုင်ငံရေးအရ ဖြေရှင်းရင် အရေးပေါ်သက်တမ်းမကြာနိုင်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော

RFA Burmese
2024.02.02
နိုင်ငံရေးအရ ဖြေရှင်းရင် အရေးပေါ်သက်တမ်းမကြာနိုင်ကြောင်း စစ်ကောင်စီ ဥက္ကဋ္ဌ ပြော နေပြည်တော်တွင် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သည့် စစ်ကောင်စီ အစည်းအဝေးအား တွေ့ရစဉ်။
Myanmar Military

နိုင်ငံတစ်ဝန်းပေါ်ပေါက်လာတဲ့ လက်နက်ကိုင်ပဋိပက္ခတွေကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရင် အရေးပေါ်ကာလ သက်တမ်းမကြာနိုင်ဘူးလို့ စစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဖေဖော်ဝါရီလ ၁ ရက် မနေ့က စစ်ကောင်စီအစည်းအဝေးမှာ ပြောပါတယ်။

လွတ်လပ်ပြီး တရားမျှတတဲ့ရွေးကောက်ပွဲ လုပ်ပေးမယ်လို့လည်း သူက ပြောပါတယ်။ ဒါပေမဲ့ အချိန်ကာလကို တိတိကျကျ ပြောဆိုတာမရှိပါဘူး။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တိုင်းရင်းသားအရေးလေ့လာသုံးသပ်သူတစ်ဦးကတော့ စစ်ကောင်စီက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေအောက်ကနေ နိုင်ငံရေးအရ ဖြေရှင်းရင် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေက လက်ခံမှာမဟုတ်ဘူးလို့ RFA ကို ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအစည်းအဝေးမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ရွေးကောက်ပွဲအတွက် ပြင်ဆင်နေရတာ၊ တည်ငြိမ်အေးချမ်းရေး လိုအပ်နေတာ၊ သာမန်အခြေအနေမဟုတ်တာ စတဲ့အကြောင်းပြချက်တွေပေးပြီး ခြောက်လကြာ အရေးပေါ်ကာလ သက်တမ်းကို ငါးကြိမ်မြောက် တိုးခဲ့ပါတယ်။

တစ်ဖက်မှာလည်း အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့က စစ်တပ်က နိုင်ငံရေးကနေ အပြီးတိုင်ထွက်ခွာရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေဖျက်သိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ဖို့ဆိုပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၁ ရက်က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ မြောက်ပိုင်း တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေရဲ့ ၁၀၂၇ စစ်ဆင်ရေးမှာ တပ်စခန်းပေါင်း နှစ်ရာကျော် လက်လွှတ်ထားရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။