ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIA စစ်ရေးတင်းမာနေလို့ ဒေသခံတွေ ထွက်ပြေးရ

RFA Burmese
2023.10.22
ဖားကန့်မှာ စစ်ကောင်စီတပ်နဲ့ KIA စစ်ရေးတင်းမာနေလို့ ဒေသခံတွေ ထွက်ပြေးရ ဖားကန့်မြို့နယ် တာမခန်ရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့က တွေ့ရစဉ်။
တာမခန်နွေဦးတော်လှန်ရေး

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ဟောင်ပါးရွာနဲ့ အနီးနားရွာက ဒေသခံ တစ်ရာနီးပါးဟာ ကချင်လွတ်မြောက် ရေး တပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်အကြား တိုက်ပွဲတွေဖြစ်လာမှာ စိုးရိမ်တာကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က တာမခန်ရွာအနီး တပ်စွဲထားသလို KIA ကလည်း အဲဒီရွာနဲ့ သုံးမိုင်အကွာမှာရှိတဲ့ ဟောင်ပါးရွာအနီး တပ်စွဲထားပြီး ပြီးခဲ့တဲ့ရက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဖားကန့်ဒေသခံတစ်ဦးကတော့ တိုက်ပွဲဖြစ်လာရင် ထွက်ပြေးရတဲ့ လမ်းတွေ ပိတ်မိမှာ စိုးရိမ်တာကြောင့် အခုကတည်းက နေရပ်စွန့်ခွာကြတာလို့ RFA ကို ပြောပါတယ်။

“နှစ်ဖက်တိုက်ပွဲနဲ့ လွတ်ကင်းတဲ့ တောတွေထဲရှောင်နေကြရတယ်။ တိုက်ပွဲကဖြစ်လာရင် လမ်းတွေက ပိတ်ပြီလေ။ အဲဒီတော့ မဖြစ်ခင် ကြိုရှောင်ကြတာ။ အရင်ရက်တွေကတော့ နှစ်ဖက် လက်နက်ကြီးတွေနဲ့ တစ်ခါတစ်ခါ ပစ်တာတွေရှိတယ်။ ရုတ်တရက်ကြီး တိုက်ပွဲဖြစ်လာရင် ထွက်ပြေးဖို့အခက်အခဲရှိလို့”

အောက်တိုဘာလ ၂၂ ရက် ဒီနေ့မနက်ပိုင်းမှာတော့ နှစ်ဖက်ပစ်ခတ်မှုတွေ မရှိတော့ဘဲ ငြိမ်နေတယ်လို့ ဆိုပါတယ်။

ဒီအခြေအနေနဲ့ပတ်သက်ပြီး တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ ကချင်ပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးဝင်းရဲထွန်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေကြားတာ မရှိပါဘူး။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ကလည်း တာမခန်ရွာမှာ စစ်ကောင်စီတပ်ဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦးသေဆုံးပြီး အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့ အောက်တိုဘာလ ၂ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်မှာ နေရပ်စွန့်ခွာ ထွက်ပြေးနေရသူ နှစ်သောင်းခွဲ ကျော်ရှိပြီး စစ်တပ်အာဏာမသိမ်းခင်က အရေအတွက်နဲ့ပေါင်းရင် တစ်သိန်းတစ်သောင်းကျော်အထိ ရှိလာပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။