ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မနက်ဖြန် ပြန်ပို့မည်
2024.02.14

ရခိုင်ပြည်နယ်က တိုက်ပွဲတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးလာတဲ့ စစ်ကောင်စီ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် (BGP) နဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဖေဖော်ဝါရီလ ၁၅ ရက် မနက်ဖြန် မနက်ပိုင်းမှာ မြန်မာနိုင်ငံ ကို ပြန်ပို့မှာဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ်အခြေစိုက် Dhaka Tribune သတင်းဌာနက ဒီနေ့ဖော်ပြပါတယ်။
ကော့ဘဇားခရိုင်မှာရှိတဲ့ အင်နာနီ ရေတပ်ဆိပ်ခံတံတားကနေ တပ်ဖွဲ့ဝင် ၃၃၀ ကို မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းပေးမယ့်အကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) အရာရှိတစ်ဦးက ဒီနေ့ပြောကြားတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့ဝင် ၃၃၀ ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲကို ဖေဖော်ဝါရီလ ၄ ရက်နေ့က ၇ ရက်နေ့ အတွင်းဝင်ရောက်ခဲ့တာလို့လည်း ဖော်ပြပါတယ်။
ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာတဲ့ စစ်ကောင်စီနယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင် (BGP) နဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို မြန်မာနိုင်ငံကို မကြာခင်ပြန်ပို့မယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန် မာမတ် (Hasan Mahmud) က ဖေဖော်ဝါရီ လ ၁၂ ရက်နေ့မှာ ပြောကြားထားပါတယ်။
ရခိုင်ပြည်နယ်ထဲမှာ တိုက်ပွဲတွေ ပြင်းထန်လာနေတာကြောင့် အဲဒီမှာ တာဝန်ထမ်းဆောင်နေကြတဲ့ သံတမန် တွေကိုလည်း ဘေးလွတ်ရာပြောင်းရွှေ့နေတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဟတ်ဆန်က သတင်းထောက်တွေကို ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြောပါတယ်။