စစ်တွေမှာ အရပ်သားကားသုံးစီး စက်သုံးဆီနဲ့ ဆန်တွေ စစ်ကောင်စီတပ် ယူဆောင်သွား

RFA Burmese
2024.01.09
စစ်တွေမှာ အရပ်သားကားသုံးစီး စက်သုံးဆီနဲ့ ဆန်တွေ စစ်ကောင်စီတပ် ယူဆောင်သွား ရခိုင်ပြည်နယ် စစ်တွေမြို့က ရဲတပ်ဖွဲ့ဝင်တွေတချို့ကို တွေ့ရစဥ်။
Photo: RFA

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ် သုံးဆောင်ရွာက အရပ်သား မှန်လုံကား အဖြူသုံးစီး၊ စက်သုံးဆီနဲ့ ဆန်အိတ်တွေကို ဇန်နဝါရီ ၈ ရက် မွန်းလွဲ နှစ်နာရီခန့်မှာ စစ်ကောင်စီတပ်နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) တပ်ဖွဲ့ စုစုပေါင်း အင်အား သုံးဆယ်ခန့်က သိမ်းဆည်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ကားတွေအပြင် သုံးဆောင်စုရွာအနီး ဆိပ်ကမ်းကနေ ပုဏ္ဏားကျွန်းနဲ့ တခြားနယ်ဘက်သို့ ပို့ဆောင်မယ့် စက်သုံးဆီ ၁၉ ပီပါနဲ့ ဆန်အိတ်အချို့တွေပါ ကားပေါ် တင်ယူသွားတယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“အဲဒီစက်သုံးဆီတွေကို ညနေပိုင်း သုံးနာရီလောက်မှာ ပုဏ္ဏားကျွန်းနယ်တွေနဲ့ တခြားနယ်ဘက်ကိုပို့ဖို့ ကားပေါ်ကနေ ဆိပ်ကမ်းမှာ ချထားတာ။ အဲဒါကို သူတို့ (စစ်ကောင်စီ) တင်သွားကြတာ။ ဆန်အိတ်တွေလည်း ပါသွားတယ်။ ဘယ်နှစ်အိတ် ဆိုတာ အတိအကျ မသိရဘူး”

အဲဒီအဖွဲ့တွေဟာ ဇန်နဝါရီလ ၇ ရက်ကလည်း သုံးဆောင်ရွာကို ဝင်ရောက်စစ်ဆေးပြီး စက်သုံးဆီ ပီပါ ကိုးလုံးကို သိမ်းဆည်း သွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စစ်တွေမြို့နယ်၊ ဗျိုင်းဖြူရွာထဲ ဝင်ရောက်ပြီး ဧည့်စာရင်း စစ်ခဲ့သလို ရွာသားတွေ တူးထားတဲ့ ဗုံးခိုကျင်းတွေကိုပါ ဖြိုဖျက်ခိုင်းခဲ့တယ်လို့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။

“မနက်စောကြီး လာပြီးတော့ နေအိမ်နံရံတွေကို ရိုတ်ပုတ်ပြီးနိုးတယ်။ ဧည့်စာရင်း စစ်ဟန်တွေ လုပ်ပြီး ဗုံးခိုကျင်း တူးထားတာတွေကို ပတ်ကြည့်ပြီး ပြန်ဖြိုဖျက်ခိုင်းတယ်။ မဖြိုဖျက်ပေးရင် ရွာမီးရှို့မယ်လို့တောင် ခြိမ်းခြောက်သွား သေးတယ်။ အဲဒါပြီးမှ သုံးဆောင်ရွာကိုသွားပြီး ဆီတွေကို ဖမ်းသွားတာ”

ဒေသခံတွေ ပြောဆိုမှုနဲ့ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်သေးသလို ဒီအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ ရခိုင်ပြည်နယ် ပြောခွင့်ရသူ ပြည်နယ် ဥပဒေချုပ် ဦးလှသိန်းကို တယ်လီဖုန်းနဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

ဇန်နဝါရီလ ၄ ရက်ကလည်း စစ်တွေမြို့၊ ရွှေပြားဆိပ်ကမ်းမှာ ငါးခြောက် လာရောင်းတဲ့ စျေးသည်တွေကို စစ်ကောင်စီ တပ်သားတွေ ဖမ်းဆီးခဲ့ပြီး ကုန်ပစ္စည်းတွေကိုပါ ယူဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။