ကန်ဒေါ်လာ ကိုးသန်းကျော်ရှိ ရင်းနှီးမြှုပ်နှံမှု ရှစ်ခု စစ်ကောင်စီ ခွင့်ပြု
2024.10.01

စစ်ကောင်စီရဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ဟာ အမေရိကန်ဒေါ်လာ ၉ ဒသမ ၂၅၅ သန်းတန်ဖိုးရှိတဲ့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသစ် ရှစ်ခုကို ခွင့်ပြုလိုက်ကြောင်း အောက်တိုဘာ ၁ ရက် ဒီနေ့မှာ ထုတ်ပြန်ပါတယ်။
ဒါဟာ ပြည်တွင်းမှာ စစ်ရေးပဋိပက္ခနဲ့ နောက်ဆက်တွဲ အခြေအနေတွေကြောင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ ပြန်လည်ထွက်ခွာမှု ရှိနေချိန်မှာပဲ လုပ်ငန်းသစ်တွေကို ခွင့်ပြုပေးခဲ့တာပါ။
အဲဒီ လုပ်ငန်းတွေထဲမှာ စက်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ၊ ရေနံနဲ့ သဘာဝ ဓာတ်ငွေ့ကဏ္ဍ၊ ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးကဏ္ဍ၊ လျှပ်စစ်သုံး မော်တော်ယာဥ်အမျိုးမျိုး တပ်ဆင်ထုတ်လုပ်ရောင်းချတဲ့ လုပ်ငန်းလည်း ပါဝင်တယ်လို့ ဆိုပါတယ်။
လုပ်ငန်းသစ် ရှစ်ခုကို ခွင့်ပြုပေးလိုက်တာကြောင့် လူနှစ်ထောင်ခန့် (၁၉၇၂ ဦး) အတွက် အလုပ်အကိုင် အခွင့်အလမ်း ဖန်တီးပေးနိုင်မယ်လို့လည်း စစ်ကောင်စီဘက်က ပြောပါတယ်။
၂၀၂၄ ခုနှစ်၊ သြဂုတ်လအထိ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံတွေထဲမှာ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတွေက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင် တစ်ဦးကတော့ ဒီရင်းနှီးမြှုပ်နှံမှု ပမာဏဟာ အရင်ကာလတွေထက် နည်းပါးတယ်လို့ RFA ကို ပြောပါတယ်။
“အာဏာမသိမ်းခင်က လစဥ်၊ နှစ်စဥ် ရင်းနှီးမြှုပ်နှံမှုတွေက ရှိတယ်။ အဲဒီအခြေအနေနဲ့ဆိုရင် အခုက နည်းတာပေါ့။ နိုင်ငံခြားကုမ္ပဏီတွေလည်း လုပ်သာကိုင်သာမရှိလို့ တခြားနိုင်ငံတွေကို ရွှေ့ကြတယ်။ လာပြီးရင်းနှီးမြှုပ်နှံမဲ့ နိုင်ငံခြားကုမ္ပဏီတွေကလည်း မရှိသလောက် ဖြစ်နေတာလေ။ ဒါက ဘာလဲဆိုတော့ စီးပွားရေးမှာ စီမံခန့်ခွဲတာ အလွဲတွေ ဖြစ်ခဲ့လိုပါ”
တစ်ဖက်မှာလည်း နိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခ ပြင်းထန်လာပြီးနောက် အမေရိကန်ဒေါ်လာ ခုနစ်ဘီလီယံ တန်ဖိုးရှိတဲ့ ထိုင်းလုပ်ငန်းတွေ မြန်မာနိုင်ငံကနေ ပြန်ရုပ်သိမ်းခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ပုံမှန်ရင်းနှီးမြှုပ်နှံမှု လုပ်နေတဲ့ နိုင်ငံပေါင်း ၅၂ နိုင်ငံရှိပြီး အဲဒီထဲက ၃၉ နိုင်ငံဟာ ရင်းနှီးမြှုပ်နှံမှု မရှိတော့ဘူးလို့ ISP-Myanmar ရဲ့ ၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်း ထုတ်ပြန်တဲ့ အစီအရင်ခံစာမှာ ဖော်ပြထားပါတယ်။