လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လက်က နေအိမ်နှစ်ရာနီးပါး ပျက်စီး

RFA Burmese
2023.04.28
လေကြောင်းတိုက်ခိုက်မှုကြောင့် ဝက်လက်က နေအိမ်နှစ်ရာနီးပါး ပျက်စီး စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ်ကျေးရွာအချို့ရှိ မီးရှို့ဖျက်ဆီးခံရသည့် နေအိမ်အဆောက်အအုံအချို့အား ၂၀၂၃ ခုနှစ်၊ မတ်လ ၃ ရက်နေ့က တွေ့ရစဉ်။
Citizen Journalist

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် အနောက်ဘက်ခြမ်းမှာရှိတဲ့ ရွာခြောက်ရွာကို မနေ့က ဧပြီ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲက လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၂၀၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။

လှတောရွာ၊ ကျီးကန်တောင်ရွာ၊ ကျီးကန်မြောက်ရွာ၊ ဦးတည်ကုန်းရွာ၊ ဒွန်တဲကုန်းရွာနဲ့ သန်းတောကြီးကုန်းရွာ တို့ကို စစ်ကောင်စီဘက်က Mi - 35 စစ်ရဟတ်ယာဉ်နဲ့ မိနစ် ၃၀ နီးပါး လေကြောင်းကနေ ပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ ဒေသခံတွေက ထိခိုက်ဒဏ်ရာရတာ မရှိပေမယ့် နေအိမ် ၂၀၀ နီးပါး မီးလောင် ပျက်စီးခဲ့တယ်လို့ ဝက်လက်မြို့က လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။

"ရွာတွေအပေါ်ကနေ ပစ်သွားတာ၊ နားလိုက် ပစ်လိုက်နဲ့ တရစပ်ကို ပစ်တာပေါ့။ ရွာခြောက်ရွာလုံးကို အိမ်တွေကိုပဲ ဦးတည်ပစ်တာ၊ ပစ်ခံရတဲ့အိမ်တွေက မီးလောင်တာ ရှိသလို၊ မီးမလောင်ဘဲ ကျန်နေခဲ့တဲ့ အိမ်တွေဆိုလည်း အကုန်ပျက်စီးတာ၊ မီးဖိုချောင်ပါ မကျန် အကုန်ပြိုကြတာ၊ အပစ်ခံရတဲ့ ရွာတွေက တချို့ဒေသခံတွေ မနေ့ကညနေထဲက ပြန်ဝင်ပြီး နေနေကြပါပြီ"

ပြည်သူ့ ကာကွယ်ရေးတပ်တွေက လှတောရွာမှာ တပ်စွဲနေထိုင်နေတဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို မနေ့က နေ့လယ် ၃ နာရီမှာ ဝင်ရောက်တိုက်ခိုက်ပြီး နောက်ပိုင်း စစ်ကောင်စီတပ်က အခုလို လေကြောင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီရွာ ခြောက်ရွာက ဒေသခံ လေးထောင်နီးပါးကတော့ နေအိမ်တွေကနေ ကြိုတင် ရှောင်တိမ်းထားနိုင်တာကြောင့် အသက်အန္တရာယ် ကင်းလွတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး စစ်ကိုင်းတိုင်းရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုင်းလူမှုရေးဝန်ကြီး ဦးအေးလှိုင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒါ့အပြင် အင်အား ၁၀၀ နီးပါးရှိတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ လှတောရွာနဲ့ တစ်မိုင် အကျော်မှာရှိတဲ့ မဲကုန်းရွာကို ဧပြီလ ၂၈ ရက်နေ့ မနက်ပိုင်းက ဝင်ရောက်စီးနင်းနေတယ် လို့ ဒေသခံတွေက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးမှူးရုံး (UN OCHA) ရဲ့  ၂၀၂၃ ခုနှစ်၊ ဧပြီလ ၁၉ ရက် ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ ကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့သူ တစ်သန်း ရှစ်သိန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။ 

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။