ဂျော်ဒန်ကဆန္ဒပြ မြန်မာ အလုပ်သမားတွေ ထိုးကြိတ် ရိုက်နှက်ခံရ
2013.03.02

ဂျော်ဒန်နိုင်ငံ၊ အာမန်မြို့တော်အနီး CMJ စက်ရုံက ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမားတွေကို အလုပ်သမား ကြီးကြပ်ရေးမှူးတွေနဲ့ဂျော်ဒန်နိုင်ငံသားတချို့က ဒီနေ့အကြမ်းဖက် တိုက်ခိုက်တဲ့အတွက် မြန်မာ အမျိုးသမီး ၄ ဦးဒဏ်ရာရသွားတယ်လို့ သတင်းရရှိပါတယ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ဆန္ဒပြမြန်မာအလုပ်သမားတဦးဖြစ်တဲ့ ကိုထွန်းထွန်းစိုးက RFA ကို အခုလိုပြောပါတယ်။
“ဒီကနေ့မနက်က တရုတ်တွေ supervisor တွေ အများကြီးလာပါတယ်၊ ဒီနိုင်ငံသားတွေလာပြီးတော့ မိန်းကလေးတွေကို ရိုက်ပါတယ်၊ အလုပ်မဆင်းတာကို ရိုက်ပါတယ်၊ လက်သီးတွေနဲ့ ထိုးပါတယ်၊ နှုတ်ခမ်းတွေ မျက်လုံးထိခိုက်မှုတွေ ခြေထောက်နည်းနည်း နာသွားတာတွေရှိပါတယ်၊ မြန်မာ ၁ ထောင့် ၃ ရာကျော် ရဲစခန်းကို သွားတိုင်ပါတယ်၊ ရဲစခန်းကို သွားတိုင်ပြီး ပြန်လာတာပါ၊ ဆန္ဒကအခုပြတုန်းပါပဲ၊ တစ်ယောက်မှ အလုပ်မဆင်းပါဘူး၊ မနေ့က ကြေညာချက် သူတိ့ုလိုက်ကပ်တာက အလုပ်ဆင်းခိုင်းတာပါပဲ၊ ကျနော်တို့ကတော့ အလုပ်မဆင်းဘူး၊ အလုပ်အေဂျင်စီက နှစ်ယောက်ကတော့ လုံးဝပျောက်နေပါတယ်၊ လုံးဝရှာမတွေ့ပါဘူး၊ ကျနော်တို့က အလုပ်သမားရုံးတွေမှာ ငြိမ်သက်စွာ လမ်းလျှောက်ပြီးတော့ ဆန္ဒပြကြပါတယ်၊ ကျနော်တို့မြန်မာတွေ အကုန်လုံးပြန်ပို့ရင် ပြန်လာကြမှာပဲ”
အခုလိုအကြမ်းဖက် တိုက်ခိုက်ခံရတာနဲ့ပတ်သက်လို့ ရဲစခန်းမှာ သွားပြီးတိုင်ခဲ့ကြတယ်လို့ဆိုပါတယ်။ ဂျော်ဒန်နိုင်ငံက CMJ စက်ရုံမှာ ဆန္ဒပြနေတဲ့ မြန်မာအလုပ်သမား ၁ ထောင့် ၃ ရာကျော် ရှိနေပြီး၊ သူတို့အားလုံး အလုပ်မဆင်းပဲနေတာ ၂ ပတ်ကျော်နေပြီဖြစ်ပါတယ်။
ဒါပေမယ့် မြန်မာနိုင်ငံက သတင်းမီဒီယာတချို့မှာ သူတို့ကိစ္စနဲ့ပတ်သက်လို့မှားယွင်းဖေါ်ပြနေတယ်လို့အလုပ်သမားတဦးကပြောပါတယ်။
“မန္တလေး FM က အယောက် ၃၀ ကျော်ပဲ ဆန္ဒပြတယ်လို့ သူတို့ပြောတာပါ၊ တကယ်တော့ အယောက် ၃၀ ကျော် မဟုတ်ပါဘူး၊ အယောက် ၁၀၃၀ ကျော်ပါ၊ တော်တော်လေးဒုက္ခရောက်နေတာပါ၊ ပြီးတော့ ဌာနဆိုင်ရာအသီးသီးကို အကြောင်းကြားထားပါတယ်၊ အဲဒါဘယ်သူမှ ကူညီမယ့်သူလဲ မလာသေးပါဘူး၊ အိမ်ပြန်မယ်ဆိုတော့လဲ သူတို့ကဘာမှလုပ်ဆောင်မပေးပါဘူး”
ဆက်ပြီးမလုပ်လိုတော့တဲ့ အလုပ်သမားတွေ ပြန်မယ်ဆိုရင် စီစဉ်ပေးမယ်လို့ အလုပ်ရှင်ဘက်က ပြောတယ်ဆိုတဲ့ သတင်းကလဲ မှားယွင်းနေတယ်လို့အလုပ်သမားတွေက ပြောပါတယ်။
မနေ့ကတော့ စက်ရုံကနေ ကြေညာချက်တစောင်ထုတ်ပြန်ခဲ့ပါတယ်။ အဲ့ဒီထဲမှာ အစားအသောက် ကောင်းကောင်းမွန်မွန် စီစဉ်ပေးမယ်ဆိုတာနဲ့ မြန်မာအလုပ်သမားတွေထဲက သင့်တော်တဲ့သူတွေကို အလုပ်သမားခေါင်းဆောင် ခန့်အပ်မယ်ဆိုတာပါဝင်ပြီး၊ လစာတိုးတောင်းထားတဲ့ကိစ္စနဲ့ပတ်သက်လို့တော့ ဘာမှဖေါ်ပြထားတာမတွေ့ရပါဘူး။ ဒါကြောင့် မြန်မာအလုပ်သမားအားလုံး တညီတညွှတ်တည်း ဆက်လက်ဆန္ဒပြနေတယ်လို့အလုပ်သမားတွေက ပြောပါတယ်။
ဆန္ဒပြနေတဲ့ ဂျော်ဒန်နိုင်ငံ CMJ စက်ရုံက မြန်မာအလုပ်သမား ကိုထွန်းထွန်းစိုးကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။