တရုတ်နယ်စပ်မှာ အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေ အခက်တွေ့နေ

2021.07.22
တရုတ်နယ်စပ်မှာ အလုပ်လက်မဲ့ မြန်မာအလုပ်သမားတွေ အခက်တွေ့နေ မြန်မာ-တရုတ်နယ်စပ် ရွှေလီတံတား ဂိတ်ဝင်ပေါက်ကို တွေ့ရစဉ်
Photo: RFA

မြန်မာ-တရုတ်နယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်မှာ ဧပြီလကစလို့လုပ်ငန်းတွေ ရပ်တန့်နေတာကြောင့် မြန်မာ အလုပ်သမားတွေ အခက်အခဲဖြစ်နေတယ်လို့ ကျယ်ဂေါင်မှာ ကျောက်လုပ်ငန်းလုပ်ကိုင်နေသူ တစ်ယောက်က RFA ကို ပြောပါတယ်။

“အခု ဒီမှာက မြန်မာပြည်ဘက် ပြန်ချင်တဲ့သူတွေကို စာရင်းတော့ လိုက်ကောက်နေတယ်။ ဒီမှာနေမယ် ဆိုလည်း အလုပ်တွေဘာတွေ ပေးမထားဘူး။ ကိုဗစ်စင်တာတွေကိုလည်းခေါ်တယ်။ တချို့မြန်မာတွေဆို အဆင်မပြေကြတော့ဘူး”

မြန်မာအလုပ်သမားတွေအနေနဲ့ မြန်မာပြည်ကို ပြန်မလား ဆက်နေမလားဆိုတာကို ရွေးချယ်ဖို့ ရွှေလီနဲ့ ကျယ်ဂေါင်မှာရှိတဲ့ အလုပ်ရှင်တချို့ကလည်း ဖိအားပေးနေတယ်လို့လည်း သူက ဆိုပါတယ်။

လက်ရှိမှာ အလုပ်အကိုင်မရှိတော့တဲ့ မြန်မာအလုပ်သမားအများစုဟာ စားဝတ်နေရေး အခက်အခဲကြုံနေရပြီး အချင်းချင်းကူညီနေရတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မြန်မာအလုပ်သမားတွေက RFA ကို ပြောပါတယ်။

ရွှေလီ၊ ကျယ်ဂေါင်ဒေသမှာရှိတဲ့ မြန်မာတွေက တရုတ်အစိုးရအနေနဲ့ ရပ်နားထားတဲ့လုပ်ငန်းတွေကို ပြန်ဖွင့် ပေးမယ့်အချိန်ကို တရားဝင် အတိအလင်း ထုတ်ပြောပေးစေချင်တယ်လို့ ဆိုကြပါတယ်။

ဒါ့အပြင် ကိုရိုနာဗိုင်းရပ်စ် ထိန်းချုပ်ရေးအတွက် အခုဇူလိုင်လဆန်းကစလို့ ရွှေလီ၊ ကျယ်ဂေါင်ဒေသမှာ Lockdown ချထားပြီး အများဆုံး တစ်လအထိ ကြာနိုင်တယ်လို့ သိရပါတယ်။

ကိုဗစ်ရောဂါရှိသူနဲ့ ထိတွေ့မိခဲ့ရင်လည်း အသွားအလာကန့်သတ်ထိန်းချုပ်တဲ့ ကွာရန်တင်းဝင်ရပြီး တစ်ရက် ကို ယွမ် ၅၀ နှုန်းနဲ့ ၂၁ ရက်စာ ယွမ်တစ်ထောင့်ငါးဆယ် (မြန်မာငွေ နှစ်သိန်းခွဲကျော်) ပေးဆောင်နေရ တယ်လို့လည်း မြန်မာ-တရုတ် နယ်စပ် ရွှေလီနဲ့ ကျယ်ဂေါင်ကို ရောက်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းလုပ်သား တွေက ပြောပါတယ်။

 International Organization for Migration (IOM) ရဲ့ စာရင်းတွေအရ မြန်မာနိုင်ငံမှာ စုစုပေါင်း လူဦးရေ ၅၄ သန်းကျော်ရှိတဲ့အနက် လူဦးရေ ၄ သန်းကျော်ဟာ အိမ်နီးချင်း ထိုင်း၊ တရုတ်၊ မလေးရှားနဲ့ စင်္ကာပူနိုင်ငံ တို့မှာ ရွှေ့ပြောင်းအလုပ်သမားတွေအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေကြပါတယ်။

အဲဒီအထဲကမှ ၇၀ ရာခိုင်နှုန်းက ထိုင်းနိုင်ငံ၊ ၁၅ ရာခိုင်နှုန်းက မလေးရှားနဲ့ တရုတ်နိုင်ငံမှာတော့ မြန်မာ ရွှေ့ပြောင်းလုပ်သား ငါးရာခိုင်နှုန်းနီးပါး သွားရောက်အလုပ်လုပ်ကိုင်နေကြောင်း (IOM) ဝက်ဆိုက်စာမျက် နှာမှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။