မြန်မာစစ်တပ်ကျူးလွန်မှုတွေကို အိန္ဒိယ အားပေးကူညီနေကြောင်း JFM ထုတ်ပြန်

RFA Burmese
2024.06.14
မြန်မာစစ်တပ်ကျူးလွန်မှုတွေကို အိန္ဒိယ အားပေးကူညီနေကြောင်း JFM ထုတ်ပြန် မြန်မာ-အိန္ဒိယ 6th Army to Army Staff Talks အစည်းအဝေးအား ၂၀၂၄ ခုနှစ် ဇွန် ၁၁ ရက်တွင် နေပြည်တော်ရှိ Park Royal Hotel မှာ ပြုလုပ်နေစဉ်။
Myanmar Military

အိန္ဒိယအစိုးရ အများစုပိုင်ဆိုင်တဲ့ နိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေဟာ မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းနဲ့ လေ့ကျင့်သင်တန်းတွေ ပံ့ပိုးနေပြီး လက်ရှိ မြန်မာပြည်မှာဖြစ်နေတဲ့ စစ်ရာဇဝတ်မှုတွေကို အားပေးကူညီနေတယ်လို့ Justice for Myanmar (JFM) က ဇွန်လ ၁၄ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

အဲဒီလုပ်ငန်းတွေဟာ လတ်တလော စစ်လက်နက်ပစ္စည်းတင်ပို့ရောင်းချတာတွေအပြင် မြန်မာစစ်တပ်နဲ့ စီးပွားရေးလုပ်ငန်း လုပ်ဆောင်လိုတဲ့ ဆန္ဒရှိနေတာ တွေ့ရတယ်လို့လည်း JFM က ဖော်ထုတ်ထားပါတယ်။

အဲဒီနိုင်ငံပိုင်စီးပွားရေးလုပ်ငန်းတွေထဲမှာ ကာကွယ်ရေးဝန်ကြီးဌာန စီမံဆောင်ရွက်နေတဲ့ လုပ်ငန်း ၁၆ ခုအထိ ရှိတယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီလုပ်ငန်းတွေထဲက BrahMos Aerospace Private Limited၊ Garden Reach Shipbuilders and Engineers Limited၊ BEML Limited၊ Hindustan Shipyards Limited၊ Yantra India Limited၊ Mazagon Dock Shipbuilders Limited စတဲ့ လုပ်ငန်း ခြောက်ခုကို ဖော်ပြထားပါတယ်။

အဲဒီလုပ်ငန်းတွေဟာ စစ်သင်္ဘောတွေ၊ ရေငုပ်သင်္ဘောတွေ၊ ဒုံးကျည်တွေ၊ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းကိရိယာတွေ၊ အမြောက်ပြောင်းတွေ တင်ပို့ရောင်းချထားသလို၊ ဆက်လက်တင်ပို့ဖို့လည်း သဘောတူစာချုပ် ချုပ်ဆိုထားတဲ့အကြောင်းလည်း JFM ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အိန္ဒိယနိုင်ငံဟာ မြန်မာနိုင်ငံကို တတိယမြောက် လက်နက်အများဆုံး တင်ပို့တဲ့နိုင်ငံဖြစ်ပြီး အိန္ဒိယမူဝါဒရေးရာသုတေသနအဖွဲ့ (Vivekananda International Foundation) ရဲ့ ၂၀၂၃ ခုနှစ် စက်တင်ဘာလက ထုတ်ပြန်တဲ့ အစီရင်ခံစာအရ အိန္ဒိယရဲ့လက်နက်တင်ပို့မှု ၅၀ ရာခိုင်နှုန်းကျော်ဟာ မြန်မာနိုင်ငံကို ရောက်ရှိကြောင်း အတည်ပြုခဲ့တယ်လို့ ဆိုပါတယ်။

မြန်မာစစ်တပ်ဆီ စစ်လက်နက်နဲ့ ဆက်စပ်ပစ္စည်းတွေအပါအဝင် နည်းပညာနဲ့ လောင်စာဆီတွေ လွှဲပြောင်းရောင်းချနေတာအားလုံး ချက်ချင်းပိတ်ပင်ဖို့နဲ့ စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်တန်း အားလုံးကိုလည်း ရပ်ဆိုင်းဖို့ အိန္ဒိယနိုင်ငံကို JFM က တောင်းဆိုထားပါတယ်။

JFM ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး အိန္ဒိယနိုင်ငံရဲ့သဘောထားကိုသိနိုင်ဖို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးကို RFA က ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားနေပါတယ်။

စစ်ကောင်စီကတော့ ဇွန်လ ၁၁ ရက်နေ့ကပဲ နေပြည်တော်မှာ မြန်မာ-အိန္ဒိယ တပ်အရာရှိတွေရဲ့ ၆ ကြိမ်မြောက် တွေ့ဆုံဆွေးနွေးပွဲကို ကျင်းပခဲ့ပြီး အိန္ဒိယတပ်မတော်က တွဲဖက်ထောက်လှမ်းရေးညွှန်ကြားမှူးချုပ်နဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။