လူဦးရေ ရှစ်ထောင်ကျော်ရှိတဲ့ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်း စားဝတ်နေရေး အခက်အခဲဖြစ်

ကေအိုင်အို ဌာနချုပ် လိုင်ဇာအနီးက ဂျေယန် (JE YANG) စစ်ဘေးဒုက္ခသည်စခန်းမှာရှိတဲ့ ဒုက္ခသည် ၈၀၀၀ ကျော်ဟာ အကူအညီတွေ လျော့နည်းလာတဲ့အတွက် စားဝတ်နေရေး အခက်အခဲတွေ ရှိနေကြတယ်လို့ ဂျေယန် IDP ဒုက္ခသည် စခန်း တာဝန်ခံက ဆိုပါတယ်။
“အရင်ကတော့ တရုတ်ပြည်နယ်စပ်က ငှက်ပျောခြံတွေမှာ နေ့စားသွားပြီး ပိုက်ဆံရှာ လို့ရတယ်။ အခုက Covid နဲ့ နိုင်ငံရေး၊ စစ်ရေးကြောင့် နေ့စားသွားလုပ်ဖို့လည်း မဖြစ်နိုင်ဘူး။ တရုတ်ဘက်ကလည်း ခြံစည်းရိုးအကုန် ပိတ်လိုက်တော့ သွားလို့မရဘူး။ အခုက သူများကူညီတာတွေကိုပဲ ဖြစ်သလို စားသောက်ပြီး နေနေကြတာပါ။ ကူညီတဲ့ သူတွေလည်း ရှိတော့ရှိတယ်၊ ဒါပေမဲ့ တော်တော်နည်းသွားပြီ”
စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ကလည်း သူတို့ ရွာတွေမှာ စစ်ကြောင်းတွေ ရှိနေ တာကြောင့် တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်တဲ့အတွက် ပြန်လို့မရသေးဘူးလို့လည်း စစ်ဘေးဒုက္ခသည်တစ်ဦးက ဆိုပါတယ်။
တရုတ်တွေရဲ့ ငှက်ပျောခြံတွေမှာ အလုပ်လုပ်လို့ မရတော့တာကြောင့် ထမင်းတစ်နပ် စားရဖို့တောင် ခက်ခဲနေပြီလို့ စစ်ဘေးဒုက္ခသည်တစ်ဦးဖြစ်တဲ့ ဒေါ်လွမ်းနန်းက ပြောပါ တယ်။
ကချင်ပြည်နယ် ဝိုင်းမော်၊ မြစ်ကြီးနား၊ မိုးမောက် စတဲ့ မြို့နယ်တွေက စစ်ဘေးဒုက္ခသည် ၈၀၀၀ ကျော်ဟာ ဂျေယန် စစ်ဘေးဒုက္ခသည်စခန်းမှာ နေထိုင်နေတာ ၁၁ နှစ်ကျော် ရှိပါပြီ။
သူတို့ဟာ ၂၀၁၁ ခုနှစ် စစ်တပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား ပြန်ပြီးဖြစ်ပွားခဲ့တဲ့ တစ်ကျော့ပြန် တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့် ခွာထွက်ပြေးလာသူတွေ ဖြစ်ပါတယ်။