မဂျာဆိုင်းအိန် သေနတ် မှန်သေဆုံးမှု ဖော်ထုတ်ပေးဖို့ ဖခင်တောင်းဆို


2014.10.30
jar-saing-aein-305.jpg မြစ်ကြီးနားမြို့ သီတာနှစ်ခြင်းခရစ်ယာန် အသင်းတော်ခန်းမမှာ အောက်တိုဘာ ၃၀ ရက်နေ့ကပြုလုပ်တဲ့ ဖြစ်ရပ်မှတ်ဖော်ထုတ်ရေးကော်မတီရဲ့ ရှင်းလင်းပွဲမှာ မဂျာဆိုင်းအိန်ရဲ့ဖခင် ဦးဘရန်ရှောင်ကို တွေ့ရစဉ်
Photo: Kyaw Myo Min/RFA

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆွတ်ငိုင်ယန်ကျေးရွာမှာ ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က နဝမတန်းကျောင်းသူ မဂျာဆိုင်းအိန် သေဆုံးခဲ့ရတဲ့ အမှုကိုဖော်ထုတ်ပြီး ကျူးလွန်သူကို အရေးယူပေးဖို့ မိသားစုဝင်တွေက မြစ်ကြီးနားမြို့ သီတာနှစ်ခြင်း ခရစ်ယာန် အသင်းတော်ခန်းမမှာ ဒီနေ့ကျင်းပတဲ့ သတင်းစာရှင်းပွဲမှာ တောင်းဆိုလိုက်ပါတယ်။

မဂျာဆိုင်းအိန်ရဲ့ ဖခင်ဖြစ်သူ ဦးဘရန်ရှောင်က မိမိရဲ့ သမီးသေဆုံးမှုကို အမှုမှန်ပေါ်ပေါက်အောင် ဖော် ထုတ်ပေးဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော် မရှင်ထံ တိုင်ကြားထာတယ်လို့ ပြောပါတယ်။ အဲ့ဒီလို တိုင်ကြားခဲ့ပေမယ့် အရေးယူဆောင်ရွက်တာမရှိပဲ သူဟာ လိမ်လည်တိုင်ကြားတယ်ဆိုပြီး တရားစွဲခံ ထားရတယ်လို့ ပြောပါတယ်။

သူဟာ ဖားကန့်မြို့နယ် တရားရုံးမှာ အမှုရင်ဆိုင်နေရတာ အခုဆိုရင် ၄၅ ကြိမ်ရှိပြီလို့ ဦးဘရန်ရှောင်က ဆိုပါတယ်။

ပြီးခဲ့တဲ့ ၂ဝ၁၂ ခုနှစ် စက်တင်ဘာလ ၁၃ ရက်နေ့က အစိုးရစစ်တပ်နဲ့ ကေအိုင်အေတို့အကြား လက်နက်ကြီးတွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတွေကြောင့် အ.ထ.က(ဖားကန့်)ကျောင်းကနေ ပြန်လာတဲ့ ဆရာမတစ်ဦးနဲ့ မဂျာဆိုင်းအိန်အပါအဝင် ကျောင်းသူ ၄ ဦးတို့ဟာ လူနေအိမ်တစ်လုံးမှာ ဝင်ရောက်ပုန်းခိုနေစဉ် တပ်မတော်သားတစ်ဦးက သေနတ်နဲ့ပစ်ခတ်ရာ မဂျာဆိုင်းအိန် သေနတ်ထိမှန်ပြီး သေဆုံးခဲ့တာလို့ သိရပါတယ်။

အဲ့ဒီအမှုကို ဖော်ထုတ်အရေးယူပေးဖို့အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နဲ့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် စတဲ့အဖွဲ့အစည်းတွေထံ တင်ပြထားတယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။