ဆန်ဈေးတင်ရောင်းမှုနဲ့ ဖမ်းဆီးထားတဲ့ ဂျပန်နိုင်ငံသားကို စစ်ကောင်စီ ထောင်ချ
2024.08.12
ဆန်ဈေးတင်ရောင်းလို့ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခံထားရတဲ့ Aeon Orange ကုမ္ပဏီအမှုဆောင်အရာရှိ ဂျပန်နိုင်ငံသား ဟီရိုရှီကာဆာမက်ဆုကို စစ်ကောင်စီက ဩဂုတ်လ ၁၂ ရက် ဒီနေ့ ထောင်ဒဏ် တစ်နှစ်နဲ့ ငွေဒဏ်ချမှတ်လိုက်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် Kyodo News က ဖော်ပြပါတယ်။
အသက် ၅၃ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ဟီရိုရှီကာဆာမက်ဆု အပါအဝင် City Mart၊ One Stop Mart၊ စိန်ဂေဟာက တာဝန်ရှိတဲ့သူတွေနဲ့ ဆန်ကုန်သည် စုစုပေါင်း ၁၁ ဦးကို ဈေးတင်ရောင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ စစ်ကောင်စီက ဇွန်လ ၃၀ ရက်မှာ ဖမ်းဆီးခဲ့တာပါ။
အဲဒီနောက် ဟီရိုရှီကာဆာမက်ဆုကို ရန်ကုန်မြို့က တရားရုံးတစ်ခုမှာ ဇူလိုင်လ ၁၁ ရက်က စတင်ရုံးထုတ် စစ်ဆေးခဲ့တယ်လို့ ဂျပန်နိုင်ငံအခြေစိုက်သတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော်ရှေ့နေတစ်ဦးကတော့ စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီက အခုလို အရေးယူအပြစ်ပေးတာတွေက စစ်တပ်က ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဝေဖန်ပါတယ်။
“၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၃၅ မှာ ဘာပါတုန်းဆိုတော့ နိုင်ငံတော်ရဲ့ စီးပွားရေးသည် စျေးကွက်စီးပွား ရေးဖြစ်တယ်လို့ အတိအလင်းပြဋ္ဌာန်းထားတယ်။ အစိုးရရဲ့ တာဝန်က စျေးကွက်စီးပွားရေးစနစ်မှာ ပါဝင်ဆောင် ရွက်နေကြတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ လုပ်ငန်းတွေ အဆင်ပြေရေးအတွက် ကူညီဆောင်ရွက်ပေးဖို့ပဲ တာဝန်ရှိတယ်။ အဲဒါကို ထိန်းချုပ်လို့မရဘူး”
စစ်ကောင်စီကတော့ ဂျပန်နိုင်ငံသားအပါအဝင် ဖမ်းဆီးခံရသူတွေကို အနိမ့်ဆုံး ထောင်ဒဏ် ခြောက်လကနေ အမြင့်ဆုံး ထောင်ဒဏ် သုံးနှစ်အထိချနိုင်တဲ့ ၂၀၁၂ ခုနှစ်၊ အရေးကြီး ကုန်စည်နဲ့ ဝန်ဆောင်မှု ဥပဒေပုဒ်မ-၅ အရ အရေးယူမယ်လို့ ကြေညာထားပါတယ်။
ဟီရိုရှီကာဆာမက်ဆု အပါအဝင် ဖမ်းဆီးခံထားရတဲ့ တာဝန်ရှိတဲ့သူတွေနဲ့ ဆန်ကုန်သည် စုစုပေါင်း ၁၁ ဦးကို ပြစ်ဒဏ်ချမှတ်မှုနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တရားဝင်ထုတ်ပြန်ကြေညာတာ မရှိသေးပါဘူး။