မြန်မာ ၃ဝဝ လောက်ကို ဂျပန်က ဗီဇာသက်တမ်းတိုးပေး

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသား ၃ဝဝ လောက်ကို ဂျပန်နိုင်ငံတွင်း နေထိုင်ခွင့်ဗီဇာသက်တမ်း အင်္ဂါနေ့က တိုးမြှင့်ပေးလိုက်တယ်လို့ ဂျပန်တရားရေးဝန်ကြီး Yoko Kamikawa က ပြောဆိုတဲ့အကြောင်း မနေ့က ထုတ်ပြန်တဲ့ Kyodo သတင်းမှာ ဖော်ပြပါတယ်။
အခုလို နေထိုင်ခွင့်ရသွားတဲ့သူတွေထဲမှာ ပြီးခဲ့တဲ့လက ဂျပန်နိုင်ငံမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး မြန်မာနိုင်ငံ ပြန်ဖို့ ငြင်းဆိုခဲ့တဲ့ မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းက ဂိုးသမား ပြည့်လျှံအောင်လည်း ပါဝင်ပါတယ်။
အခုလို မြန်မာနိုင်ငံသားတွေကို ဂျပန်အစိုးရက ဗီဇာသက်တမ်းတိုးမြှင့်ပေးရတာက စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြား ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့်ပဲ ဖြစ်ပါတယ်။
လောလောဆယ် ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့် လျှောက်ထားမှုပေါင်း ၅ဝ လောက်ရှိနေပြီး သူတို့ကို ဒုက္ခသည်အဖြစ် ခိုလှုံခွင့် ပေးမပေးဆိုတာတော့ မဆုံးဖြတ်ရသေးဘူးလို့ တရားရေးဝန်ကြီးက ဆိုပါတယ်။