အခုနှစ်အတွင်း ဂျပန်ကို အလုပ်လုပ်ဖို့ ထွက်ခွာသူ တစ်သောင်းဝန်းကျင်ရှိ

2022.11.23
အခုနှစ်အတွင်း ဂျပန်ကို အလုပ်လုပ်ဖို့ ထွက်ခွာသူ တစ်သောင်းဝန်းကျင်ရှိ ဂျပန်နိုင်ငံသို့ အလုပ်သွားရောက် လုပ်ကိုင်ကြမည့် မြန်မာလူငယ်များ။
Photo: Silver Crane/Facebook

ဂျပန်နိုင်ငံမှာ အလုပ်သမားလိုအပ်ချက်ကြောင့် ၂၀၂၂ ခုနှစ်အတွင်း မြန်မာနိုင်ငံကနေ အလုပ်သမားခေါ်ယူမှု များပြားလာပြီး အခုနှစ်အတွင်းမှာတင် ဂျပန်ကို အလုပ်လုပ်ဖို့ ထွက်ခွာသူ တစ်သောင်းနီးပါးအထိ ရှိလာပြီလို့ ပြည်ပအလုပ်အကိုင် ရှာဖွေရေး အေဂျင်စီ တွေက RFA ကို ပြောပါတယ်။

ဂျပန်နိုင်ငံကို ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကနေ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ သုံးထောင်ခန့်သာ စေလွှတ်နိုင်ခဲ့ပေမယ့် အခု ၂၀၂၂ ခုနှစ် မတ်လက နိုဝင်ဘာလ ၂၂ ရက်နေ့အထိ အေဂျင်စီ ၁၀၅ ခုကနေ လုပ်သား ၉၆၂၇ ဦး စေလွှတ်နိုင်ခဲ့တယ်လို့ မြန်မာပြည်ပအလုပ်အကိုင် ဝန်ဆောင်မူလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အခုလို စေလွှတ်မှုများနေပေမယ့် နောက်ထပ် အလုပ်သမားတွေခေါ်ယူဖို့ ရှိနေသေးတယ် လို့ Silver Crane ပြည်ပ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီရဲ့ ဥက္ကဋ္ဌ ဦးစိုင်းစည်သူက RFA ကို ပြောပါတယ်။

“ကိုဗစ်ကာလမှာ မသွားလိုက်ရတဲ့ အလုပ်သမားတွေလည်း ရှိတယ်။ ဂျပန်ကလည်း အရင်ကတော့ တခြားနိုင်ငံတွေက အလုပ်သမားတွေကို ပိုခေါ်လေ့ရှိပေမယ့် ဒီနှစ်ကတော့ မြန်မာက လူငယ်အလုပ်သမားတွေကို ခေါ်ယူတာက ပိုများလာတယ်။ ဂျပန်မှာကလည်း လုပ်ငန်းတွေပြန်စလာပြီဆိုတော့ အလုပ်သမား လိုအပ်ချက်က များလာနေတယ်။ ဒီလူတွေအပြင် နောက်ထပ် အင်တာဗျူးတွေခေါ်ဖို့ ရှိနေသေးတယ် ဆိုတော့ လူထပ်ခေါ်ဦးမှာ”

အလုပ်သွားရောက် လုပ်ကိုင်သူတွေထဲမှာ အမျိုးသားဦးရေ ၄၅၀၀ ကျော်နဲ့ အမျိုးသမီး ၅၁၀၀ ကျော်ရှိခဲ့တယ်လို့ မြန်မာ ပြည်ပအလုပ်အကိုင် ဝန်ဆောင်မူလုပ်ငန်းရှင်များ အဖွဲ့ချုပ်ရဲ့ စာရင်းတွေမှာ ဖော်ပြထားပါတယ်။

အလုပ်သင် လုပ်သားတွေကိုတော့ ဆောက်လုပ်ရေး၊ အထည်ချုပ်၊ စိုက်ပျိုး၊ မွေးမြူရေး၊ စားသောက်ကုန်လုပ်ငန်း၊ စက်မှုလုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းတွေမှာ ခေါ်ယူမှုအများဆုံး ဖြစ်တယ်လို့ ပြည်ပအလုပ်အကိုင်ရှာဖွေရေး အင်ဂျင်စီတွေက ပြောပါတယ်။

ကျွမ်းကျင်လုပ်သားတွေကိုတော့ လုပ်ငန်းအမျိုးအစား ၁၄ မျိုးရှိတဲ့အထဲမှာမှ သက်ကြီး ရွယ်အိုစောင့်ရှောက်ရေး၊ စားသောက်ကုန်နဲ့ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းတွေအတွက် အများဆုံးခေါ်ယူတယ်လို့ အလုပ်အကိုင်ရှာဖွေရေး အေဂျင်စီတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။