ပြည်တွင်းသတ်ဖြတ်မှုတွေကြောင့် မြန်မာ့စစ်ရေးသင်တန်းတွေ ဂျပန် ရပ်ဆိုင်းမည်

2022.09.22
ပြည်တွင်းသတ်ဖြတ်မှုတွေကြောင့် မြန်မာ့စစ်ရေးသင်တန်းတွေ ဂျပန် ရပ်ဆိုင်းမည် ၂ဝ၁၃ ခုနှစ် နိုဝင်ဘာ ၃ဝ ရက်နေ့က ရန်ကုန်တိုင်းက သီလဝါအထူးစီးပွားရေးဇုန် ဖွင့်ပွဲအခမ်းအနားတွင် စောင့်ကြပ်နေသည့် မြန်မာရဲတပ်ဖွဲ့ဝင်တစ်ဦး။
Photo: Reuters

မြန်မာနိုင်ငံမှာ ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူတွေကို အာဏာသိမ်းစစ်ကောင်စီက သတ်ဖြတ်နေတဲ့အတွက် လာမယ့်နှစ်ကစပြီး မြန်မာစစ်တပ်ကို ပေးနေတဲ့ သင်တန်းတွေ ရပ်ဆိုင်းမယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက ကြာသပတေးနေ့က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လက NLD ပါတီဝင်တွေနဲ့ ထင်ရှားတဲ့တက်ကြွလှုပ်ရှားသူ စုစုပေါင်း လေးဦးကို စစ်ကောင်စီက သေဒဏ်စီရင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်း ပထမဆုံး သေဒဏ်ချမှတ်ခဲ့တာပါ။

အဲဒီအချိန်က ဂျပန်ကာကွယ်ရေးဝန်ကြီး Nobuo Kishi က အကြမ်းဖက်စီရင်မှုတွေ အမြန်ဆုံးအဆုံးသတ်ဖို့၊ ဒီမိုကရေစီကို အမြန်ဆုံးအခိုင်အမာ ပြန်လည်ထူထောင်ဖို့ သေဒဏ်မစီရင်ခင် စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

ဒါပေမဲ့ စစ်ကောင်စီက သေဒဏ်စီရင်ခဲ့ပြီး ပြုပြင်ပြောင်းလဲမှုတွေလည်း ပေါ်ပေါက်မလာခဲ့တဲ့အတွက် မြန်မာနဲ့ကာကွယ်ရေးဆိုင်ရာ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့ မသင့်တော်ကြောင်း ဆုံးဖြတ်လိုက်တယ်လို့ ဂျပန်ကာကွယ်ရေးဝန်ကြီးက ပြောဆိုပါတယ်။

ဂျပန်နိုင်ငံဟာ ၂၀၁၅ ခုနှစ်က စပြီး၊ မြန်မာစစ်သည် သုံးဆယ်ကို ဂျပန်အမျိုးသားကာကွယ်ရေး အကယ်ဒမီအပါအဝင် စစ်တပ်လေ့ကျင့်ရေးကျောင်းတွေမှာ လက်ခံခဲ့ပါတယ်။

အဲဒီကျောင်းတွေမှာ ဒီမိုကရေစီနဲ့ ပတ်သက်ပြီး မှန်မှန်ကန်ကန် နားလည်ဖို့နဲ့ အရပ်ဘက်ဦးဆောင်မှုကဏ္ဍတွေကို ပို့ချနေကြောင်းလည်း ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။