ရိုဟင်ဂျာတွေ ပြန်ပို့ရေး ဂျပန် ဒုဝန်ကြီး ပြောကြား
2018.03.21
ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဂျပန်လွှတ်တော် နိုင်ငံခြားရေးရာ ဒုဝန်ကြီး Iwao Horii အီဝေအိုး ဟိုးရီး က မုတ်သုန်ရာသီ အလွန်နီးကပ်နေပြီဖြစ်တဲ့အတွက် ရိုဟင်ဂျာ မွတ်စလင်တွေ ပြန်ပို့ရေးကို လူသားချင်းစာနာမှု ရှူထာင့်ကကြည့်ပြီး အမြန်လုပ်ဆောင်ဖို့လိုကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး မာမွတ်အလီနဲ့ ဗုဒ္ဓဟူးနေ့က တွေ့ဆုံရာမှာ အချက် ၃ ချက် တင်ပြခဲ့ကြောင်း ဒါကာမြို့က သတင်းစာရှင်းပွဲ မှာ သူက ပြောပါတယ်။
ပထမအချက်အနေနဲ့ အဲဒီ ဒုက္ခသည်တွေကို စောင့်ရှောက်ထားမှုနဲ့ မြန်မာအစိုးရနဲ့ တွေ့ဆုံအဖြေရှာမှုတွေအတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဂျပန်နိုင်ငံက ကျေးဇူးတင်ကြောင်း၊ ဒုတိယအချက်အားဖြင့် ဒုက္ခသည်တွေ သူတို့ ဆန္ဒအလျှောက် ဘေးကင်းစွာနဲ့ သိက္ခာရှိရှိပြန်နိုင်ဖု့ိ လိုအပ်သလို ဒီကိစ္စမှာ ကုလသမဂ္ဂအဖွဲ့အစည်းတွေ ပါဝင်ကူညီမှု အရေးကြီးကြောင်းနဲ့ နောက်ဆုံးအချက်အဖြစ် ဒုက္ခသည်တွေ အိမ်ပြန်ရေးအတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် ဆက်လက်ပူးပေါင်းပြီး လက်တွေ့ကျကျ ဆောင်ရွက်ကြဖို့ ဂျပန်နိုင်ငံက မျှော်လင့်ကြောင်း စသည်တို့ ဖြစ်ပါတယ်လို့ ဂျပန် လွှတ်တော် နိုင်ငံခြားရေးရာ ဒု ဝန်ကြီး Iwao Horii အီဝေအိုး ဟိုးရီး က ပြောပါတယ်။
ဂျပန် ဒုဝန်ကြီးဟာ ရိုဟင်ဂျာတွေ ပြန်ပို့ရေးအတွက် ဒါကာမြို့ကို မနေ့က ရောက်ရှိခဲ့ပြီး ကော့ဇ်ဘဇားဒေသက ရိုဟင်ဂျာဒုက္ခသည်စခန်းတွေကို ကြာသပတေးနေ့ ဒီကနေ့ သွားရောက်ကြည့်ရှုပါလိမ့်မယ်။