ဂျပန် အထောက်အပံ့ မြန်မာ ပြန်ရဖွယ်ရှိ
2011.12.26

ပြောင်းလဲလာတဲ့ မြန်မာ့နိုင်ငံရေး အခြေအနေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေး ပိုမို တိုးမြှင့်နိုင်ဖို့ အခွင့်အလမ်းတွေကို လာရောက်လေ့လာ ဆွေးနွေးတယ်လို့ ထင်မြင်ကြောင်း သမ္မတရဲ့ နိုင်ငံရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဦးကိုကိုလှိုင်က အာရ်အက်ဖ်အေကို ပြောပါတယ်။
“ခုနောက်ပိုင်းမှာ မြန်မာနိုင်ငံကလေ နိုင်ငံခြားရေး မူဝါဒမှာ ပိုပြီးတော့ တံခါးဖွင့်ပြီးတော့မှ တခြားနိုင်ငံတွေနဲ့ ပိုပြီး နီးနီးစပ်စပ် ဆက်သွယ်ဖို့ အတွက် အခွင့်အလမ်းတွေ ပေါ်လာတဲ့အခါမှာ ဂျပန်နိုင်ငံ အနေနဲ့ ကလည်းပဲ မြန်မာနိုင်ငံရဲ့ ရှေ့ဆက်ပြီးတော့သွားမယ့် နိုင်ငံရေး၊ စီးပွားရေး အလားအလာတွေနဲ့ ပတ်သက်ပြီးတော့ လာပြီးတော့မှ ပိုပြီးတော့မှ ဆက်ဆံမှု တိုးမြင့်နိုင်ဖို့အတွက် အခွင့်အလမ်းတွေ လာပြီးတော့မှ ထိတွေ့လေ့လာ ဆွေးနွေးတဲ့ သဘောလို့ ထင်ပါတယ်”
၂ဝဝ၃ ခု ဒီပဲယင်းလုပ်ကြံမှု နောက်ပိုင်း ဂျပန်အစိုးရက မြန်မာနိုင်ငံကို ပေးနေတဲ့ နိုင်ငံရပ်ခြား အကူအညီ ODA အပါအဝင် တခြားထောက်ပံ့မှု အားလုံး ရပ်ဆိုင်းပြီးနောက် အခု ဂျပန် နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဉ်မှာ အကူအညီအားလုံး ပြန်ပေးဖို့ကိစ္စတွေ ဆွေးနွေးကြပါမယ်။ ဒါ့အပြင် စီးပွားရေးအရ ရင်းနှီးမြှုပ်နှံမယ့် အစီအစဉ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ ဂျပန်နိုင်ငံအခြေစိုက် မြန်မာ့ရေးရာရုံး တာဝန်ခံ ဒေါက်တာမင်းညိုက အာရ်အက်ဖ်အေကို ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးမှာ ဂျပန်အနေနဲ့ အနီးကပ် ဆက်ဆံပြီး ကူညီပံ့ပိုးပေးဖို့ မျှော်လင့်ကြောင်းလည်း ဂျပန်အစိုးရက ပြောဆိုထားပါတယ်။
ဂျပန် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တက္ကသိုလ်ရိပ်သာလမ်း နေအိမ်မှာ ဒီကနေ့ ညနေပိုင်းက တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးအရာရှိ ဦးခွန်သာမြင့်က အာရ်အက်ဖ်အေကို ပြောပါတယ်။
“ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ၅ နာရီ ၂ဝ မှာ ရောက်လာပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူတို့အဖွဲ့နဲ့ တွေ့ပြီးတော့ ဆွေးနွေးကြတယ်။ ပြီးတော့ ၆ နာရီ ၁ဝ မိနစ်လောက်မှာ ထွက်လာပါတယ်။ ထွက်လာပြီး တော့ မြက်ခင်းပြင်မှာ စောင့်နေတဲ့ သတင်းထောက်တွေကို နိုင်ငံခြားရေးဝန်ကြီးက စကားပြန်ကနေ တဆင့် ၁ဝ မိနစ်လောက် ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ၈ မိနစ်လောက် ပြောပါတယ်”
ဂျပန်နိုင်ငံကို လာရောက်ဖို့ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ဒေါ်အောင်ဆန်းစုကြည်ကို ဖိတ်ကြားခဲ့ပါတယ်။ အလားတူပဲ သမ္မတ ဦးသိန်းစိန်ကိုလည်း ဖိတ်ကြားခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဂျပန် နိုင်ငံခြားရေးဝန်ကြီးက ပြောသွားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံကို အကူအညီတွေပေးဖို့ ကြိုးစားသွားမှာ ဖြစ်ကြောင်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကလည်း ဂျပန်နိုင်ငံရဲ့ တိုးတက်ဖွံဖြိုးမှုတွေကို လေ့လာသင့်ကြောင်းနဲ့ မိမိလည်း သွားရောက်ဖို့ ကြိုးစားမှာဖြစ်ကြောင်း သတင်းထောက်တွေကိုပြောပါတယ်။ မြန်မာ့ ဒီမိုကရေစီရေးကို နှစ်ပေါင်း ၂ဝ ကျော် ထောက်ခံ အားပေးလာတဲ့အတွက်လည်း ဂျပန်နိုင်ငံကို ကျေးဇူးတင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောသွားပါတယ်။