ဂျပန်အစိုးရက မြန်မာ့ကြွေးမြီတွေ လျှော်ပစ် နိုင်အောင် ကြိုးစားနေ
2013.01.03
ဂျပန်ဒုတိယဝန်ကြီးချုပ်ရဲ့ ခရီးစဉ်ရည်ရွယ်ချက်ဟာ မြန်မာနိုင်ငံက ဂျပန်ကို ပေးစရာရှိတဲ့ အကြွေး အမေရိကန်ဒေါ်လာ သန်းငါးထောင်ခုနှစ်ရာကျော်ကို လျှော်ပစ်ဖို့ကိစ္စနဲ့ သီလဝါစက်မှုဇုန်မှာ ဂျပန်ရဲ့ရင်းနှီးမြှပ်နှံမှုကိစ္စတွေအတွက် လာရောက်တာလို့ ရိုက်တာ သတင်းဌာနက ဆိုပါတယ်။
ဒီနှစ် ၂ဝ၁၃ခုနှစ်အတွင်းမှာ မြန်မာက ပြန်ဆပ်ရမယ့် အကြွေးတွေထဲက တဝက်ကျော်လောက် ဂျပန်ယန်းငွေ ဘီလီယမ် ၃ဝဝလောက် ကို လျှော်ပစ်နိုင်အောင် စီစဉ်မယ်လို့ဆိုပါတယ်။
ဒါ့အပြင် မြန်မာက ကမ္ဘာ့ဘဏ်နဲ့ အာရှဖွံ့ဖြိုးရေးဘဏ်တွေကို ပေးဆပ်စရာရှိတဲ့အကြွေး အမေရိကန်ဒေါ်လာ သန်း ၉ဝဝ ကို ပြန်ဆပ်နိုင်အောင် ဂျပန်အစိုးရရဲ့အစီအစဉ်နဲ့ပဲ ချေးသွားမယ်လို့သိရှိရပါတယ်။ ဒါမှ မြန်မာနိုင်ငံအနေနဲ့ အဲဒီအဖဲွဲ့တွေကနေ နောက်ထပ် ချေးနိုင်မှာဖြစ်ပါတယ်။
ဂျပန်အစိုးရ ဒုတိယဝန်ကြီးချုပ် Taro Aso ရဲ့ မြန်မာနိုင်ငံခရီးစဉ် အထမြောက်အောင် ကြိုးစားပေးခဲ့တာကတော့ နှစ်နိုင်ငံဆက်ဆံရေးနဲ့ ရင်းနှီးမြှပ်နှံမှုကဏ္ဍတွေမှာ ကြားခံဆောင်ရွက်ပေးနေတဲ့ ဂျပန် မြန်မာအသင်းလို့ သိရပါတယ်။