အစ္စလာမ်နိုင်ငံရေးပါတီများ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တွေ့ဆုံမည်
2012.09.04
မကြာသေးခင်က သမ္မတ ဦးသိန်းစိန် ဖွဲ့စည်းလိုက်တဲ့ ရခိုင်အရေး စုံစမ်းစစ်ဆေးရေး ကော်မရှင်ထဲမှာ အဲဒီ အစ္စလာမ် ပါတီတွေက ခေါင်းဆောင်တွေ ပါဝင်မှု မရှိတဲ့အပေါ် သမ္မတထံ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ကန့်ကွက်စာ တင်လိုက်တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူတွေ့ဆုံမှာ ဖြစ်တယ်လို့ ကမန်အမျိုးသား တိုးတက်ရေးပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းထွန်းဝေက ပြောပါတယ်။
"ရွေးကောက်ပွဲ ကော်မရှင်က ကျွန်တော်တို့ ထင်တာတော့ အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ငြိမ်းချမ်းရေးပါတီ က စာတင်ထားတဲ့ အပေါ်မှာ သူတို့က မေးမြန်းချင်တာလေးတွေ ရှိမယ်လို့ထင်တယ်။ နောက်တစ်ခုက ဘာကြောင့် ကန့်ကွက်သလဲ။ တကယ်လို့ ဒီကော်မရှင်ထဲမှာ ဒီဘက်က ပါဝင်ဖို့ ဆိုလို့ရှိရင်ကော ဖြစ်နိုင်သလား။ ဘာညာ ဒီမေးခွန်းတွေ မေးမြန်းမယ်လို့လည်း ထင်ပါတယ် "
စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခကို မဖြစ်စေဘဲ သမ္မတက ချမှတ်ပေးထားတဲ့ အချက် (၈) ချက်အပေါ်မှာ အခြေခံပြီး အဖြစ်မှန်ကို လွတ်လပ်စွာ စုံစမ်းစစ်ဆေး ဖော်ထုတ်နိုင်ဖို့ကိုသာ မျှော်လင့်နေကြောင်းလည်း ဦးထွန်းထွန်းဝေက ပြောပါတယ်။
"ကော်မရှင်နဲ့ တွေ့တဲ့ အခါကျတော့လည်း စုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပတ်သက်လို့ သမ္မတပေးထားတဲ့ တာဝန်များတွေကိုပဲ စုံစမ်းရေး ကော်မရှင်က စီစဉ်ဆောင်ရွက်ဖို့ သင့်တဲ့အကြောင်းရယ်၊ ပျက်ဆီးဆုံးရှုံးမှုတွေကို နိုင်ငံတော်က တာဝန်ယူပြီး တော့ ကိုယ့်တိုင်းသူ ပြည်သားတွေအပေါ်မှာ ပြန်လည်ထူထောင်ပေးဖို့ အပိုင်းတွေရယ်၊ နောက်တစ်ခုက ဒီအငြင်းပွားစရာ ဖြစ်လာမဲ့ ပြဿနာမျိုးတွေကိုတော့ ရှောင်ရှားပြီးတော့ သမိုင်းပညာရှင်တွေ လုပ်ရမဲ့ အလုပ်မျိုးတွေကိုကျတော့ စုံစမ်းရေး ကော်မရှင်နဲ့ မဆိုင်တဲ့ ကိစ္စမျိုးတွေမှာ ဆွေးနွေးဆောင်ရွက်ခြင်း မပြုပဲနဲ့ ငြိမ်းချမ်းစွာ အတူနေနိုင်ဖို့ ဆိုတဲ့ကိစ္စမျိုးတွေမှာပဲ ဦးစားပေး ဆောင်ရွက်ပေးကြပါလို့ အကြံပြုချင်တာပါ"
ရခိုင်ပြည်နယ်မှာ လူများစု ရခိုင်တိုင်းရင်းသားတွေအပြင် ကမန်၊ ခမွီး၊ ဒိုင်းနက်၊ မရမာကြီး၊ မြို၊ သက် စတဲ့ လူနည်းစု တိုင်းရင်းသားတွေလည်း နေထိုင်ကြပါတယ်။