မြန်မာနဲ့ နိုင်ငံတကာ စာရေးဆရာတွေရဲ့ ဧရာဝတီစာပေပွဲတော် ကျင်းပမည်
2013.01.06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့စာပေပွဲတော် သတင်းစာရှင်းလင်းပွဲမှာ တက်ရောက်စကားပြောခဲ့ပါတယ်။
နိုင်ငံအသီးသီးက မတူကွဲပြားခြားနားတဲ့အမြင်တွေ ယဉ်ကျေးမှုတွေ စာပေတွေဟာ အင်မတန်စိတ်ဝင်စားစရာကောင်းသလို အချင်းချင်းကြားမှာလည်း အပြန်အလှန်ဝေမျှလေ့လာလို့ရတဲ့အတွက် ဒီဧရာဝတီစာပေပွဲတော်ကို မိမိအနေနဲ့ကြိုဆိုကြောင်း၊ ဒီပွဲဖြစ်မြောက်ရေးအတွက် စီစဉ်သူကိုလည်း ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားခဲ့ပါတယ်။
အဲဒီရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကိုယ်တိုင်ရေးအက္ထုပတ္တိ ရေးသားထုတ်ဝေဖို့ အစီအစဉ်ရှိမရှိဆိုတဲ့ သတင်းမီဒီယာတစ်ဦးရဲ့ မေးမြန်းချက်အပေါ်မှာလည်း ဒေါ်အောင်ဆန်းစုကြည်က အဲဒီလို ရေးသားဖို့ အစီအစဉ်မရှိကြောင်း ဒီကနေ့ အခမ်းအနားမှာ ပြန်လည်ဖြေကြားခဲ့ပါတယ်။
နိုင်ငံတကာက နာမည်ကျော်စာရေးဆရာပေါင်းများစွာနဲ့ စာပေအကြောင်း ပြောဆိုဆွေးနွေးကြမယ့် ဒီစာပေပွဲတော်ဟာ မြန်မာစာပေသမားတွေအတွက် အများကြီးအထောက်အကူဖြစ်စေပြီး နောက်ထပ်လည်း အခုလိုစာပေပွဲတော်တွေ ပေါ်ပေါက်လာနိုင်တယ်လို့ အဲဒီပွဲတော်မှာ ပါဝင်ဆွေးနွေးမယ့် စာရေးဆရာဦးဖေမြင့်က RFA ကို ပြောပါတယ်။
ဖေဖော်ဝါရီ ၁ရက်နေ့ကနေ ၃ရက်နေ့ထိ ရန်ကုန်မြို့ အင်းလျားလိတ်ဟိုတယ်မှာ ကျင်းပပြုလုပ်မယ့် ဧရာဝတီစာပေပွဲတော်မှာ နိုင်ငံတကာက စာရေးဆရာ ၂၄ဦး၊ မြန်မာနိုင်ငံက စာရေးဆရာ ၃၆ဦးတို့ ပါဝင်ဆွေးနွေးကြမှာဖြစ်ပြီး နိုင်ငံတကာနဲ့ မြန်မာပြည်က စာရေးဆရာတွေ ပူးပေါင်းပြုလုပ်တဲ့ ပထမဆုံးအကြိမ် ကျင်းပမယ့်ပွဲတော်လည်း ဖြစ်ပါတယ်။