ရိုဟင်ဂျာအရေး စိုးရိမ်ဟု အိုင်ယာလန် ပြောကြား
2018.11.23

ြမန်မာနိုင်ငံက လူ့အခွင့်အရေး အခြေအနေနဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရဲ့ ကံကြမ္မာအတွက် သိပ်ကိုစိုးရိမ်ကြောင်း အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီး Simon Coveney က ပြောဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေနဲ့ လူတွေပြွတ်သိပ်နေတဲ့ ဒုက္ခသည်စခန်းတွေမှာ လုံး၀ လုံခြုံမှုမရှိတဲ့ အခြေအနေတွေနဲ့ ခိုလှုံနေရတဲ့ ဒုက္ခသည်တွေရဲ့ ဘဝကို အတော်လေး စိုးရိမ်ကြောင်း ပြောဆိုခဲ့တာပါ။
ရိုဟင်ဂျာဒုက္ခသည်တွေ နေရပ်ပြန်ရေးမှာ အရေးပါတဲ့ ပထမခြေလှမ်းတွေဖြစ်တဲ့ ဒုက္ခသည်ပြန်ပို့ရေးအတွက် မြန်မာ အစိုးရက ဘင်္ဂလားဒေ့ရှ်နဲ့ နားလည်မှု စာချွန်လွှာ ရေးထိုးထားသလို၊ ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် UNDP၊ ကုလ သမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး UNHCR တို့နဲ့လည်း လက်မှတ်ရေးထိုးခဲ့တာတွေဟာ ဒုက္ခသည်တွေ နေရပ်ပြန်ရေးအတွက် အရေးကြီးတဲ့ ခြေလှမ်းအစ ဖြစ်ကြောင်းလည်း အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးက အလေးထား ပြောဆိုခဲ့တာပါ။
ဒါပေမဲ့လည်း မြန်မာနိုင်ငံက လက်ရှိ အခြေအနေတွေဟာ ရိုဟင်ဂျာဒုက္ခသည်တွေ ဂုဏ်သိက္ခာရှိရှိ လုံလုံခြုံခြုံနဲ့ နေရပ်ပြန်နိုင်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့လည်း သူက ထောက်ပြခဲ့ပါတယ်။
ဒါကြောင့် ဒီအစီအစဉ်ကို ပြန်စဉ်းစားပြီး - ဒုက္ခသည်တွေ နေရပ်ပြန်ရေး အလျင်စလို မလုပ်ဘဲ လိုအပ်တာတွေကို ပြင်ဆင်ပေးဖို့အတွက် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရတွေကို တောင်းဆိုတဲ့အကြောင်းလည်း အိုင်ယာလန် နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။