ရွှေ့ပြောင်းနေထိုင်တဲ့ မြန်မာတွေကို လက်ခံပေးဖို့ ဦးကျော်မိုးထွန်း တောင်းဆို
2024.05.23

စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေနဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ခွဲခြားဆက်ဆံမှုမရှိဘဲ ကောင်းမွန်စွာ လက်ခံပေးဖို့ အိမ်ရှင်နိုင်ငံတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တောင်းဆိုလိုက်ပါတယ်။
မေလ ၂၁ ကနေ ၂၂ ရက်နေ့အထိ နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ ကျင်းပတဲ့ ရွှေ့ပြောင်းနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအပြန်အလှန်ဆွေးနွေးမှု အစည်းအဝေးမှာ ဦးကျော်မိုးထွန်းက အခုလိုတောင်းဆိုခဲ့တာပါ။
စစ်တပ်အာဏာသိမ်းပြီးနောက် အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းနေထိုင်သူတွေကို ကောင်းမွန်သင့်လျော်တဲ့ ရပ်ဝန်းဖန်တီးပေးဖို့အတွက်လည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM) ရဲ့ မှတ်တမ်းအရ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံကို ရွှေ့ပြောင်းနေထိုင်လာသူတွေ စုပြုံလာသလို အာရှ၊ ဥရောပနဲ့ အမေရိကန်တို့မှာလည်း မြန်မာနိုင်ငံသားတွေ ရွှေ့ပြောင်းနေထိုင်နေကြတယ်လို့ ဆိုပါတယ်။
ထွက်ပြေးတိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို လက်ခံပေးဖို့နဲ့ နိုင်ငံရေးခိုလှုံခွင့် ရရှိရေးကို အာမခံပေးဖို့၊ အန္တရာယ်ရှိသူတွေကို အတင်းအကျပ်နေရပ် ပြန်မပို့ရေးကို အမြဲတစေ လိုက်နာဖို့လည်း ထည့်သွင်းတောင်းဆိုခဲ့ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ မြင့်တက်လာတာ၊ အလုပ်လက်မဲ့ဖြစ်တာ၊ နေထိုင်စရိတ် မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ စစ်မှုထမ်းဥပဒေနောက်ဆက်တွဲ အဓမ္မစစ်သားစုဆောင်းတာ စတဲ့ အခြေအနေတွေကြောင့် မြန်မာပြည်ကနေ ရွှေ့ပြောင်းနေထိုင်တာတွေ ပိုများလာတယ်လို့ ဆိုပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေကို လက်ခံပေးတဲ့ အိမ်ရှင်နိုင်ငံတွေကို ကျေးဇူးတင်ကြောင်းနဲ့ နိုင်ငံရေးခိုလှုံခွင့်နဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် လိုအပ်တဲ့ အစီအမံတွေနဲ့ အရင်းအမြစ်တွေ ချမှတ်ပေးဖို့လည်း ဦးကျော်မိုးထွန်းက တောင်းဆိုထားပါတယ်။