နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဥပဒေ လွှတ်တော်က အတည်ပြု ပြဌာန်း


2015.12.23
parliament-620.jpg နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော်တွင် မေလ ၂၇ ရက်နေ့က လွှတ်တော်အစည်းအဝေး ကျင်းပနေစဉ်။
Photo: RFA

ပြည်ထောင်စုအစိုးရရဲ့ သဘောတူညီချက်အရ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ ရင်းနှီးမြှုပ်နှံမှုတွေကို ခွဲဝေသုံးစွဲခွင့်ပြုတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေကို ပြင်ဆင်တဲ့ ဥပဒေကို ဒီဇင်ဘာလ ၂၂ ရက်နေ့က အတည်ပြုပြဌာန်းလိုက်ပါတယ်။

ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ များလာဖို့အတွက် လိုအပ်တဲ့ ဥပဒေဖြစ်တဲ့အတွက် ကြိုဆိုကြောင်း နိုင်ငံတော်သမ္မတ စီးပွားရေးအကြံပေး ဒေါက်တာ အောင်ထွန်းသက်က ပြောပါတယ်။

"ဒီလိုဥပဒေအသစ်နဲ့ ပြောင်းလဲတာတွေ ရင်းနှီးမြှုပ်နှံမှုတွေဟာ အခုထက်ပိုလာဖို့ ကျနော်တို့ မျှော်လင့်ရတာပေါ့၊ ကနဦးဥပဒေအရ ရင်းနှီးမြှုပ်နှံမှုဟာ နှစ်ပိုင်းစဉ်းစားလို့ရပါတယ်၊ တစ်နိုင်ငံလုံးအတိုင်းအတာအတွက် ရင်းနှီးမြှုပ်နှံ မှုတွေရှိသလို တိုင်းဒေသကြီး ပြည်နယ်အတွက်လည်း ရင်းနှီးမြှုပ်နံှမှုကို အထူးပြုရမယ့်ဟာတွေရှိတယ်၊ ရင်းနှီးမြှုပ်နှံမှုကနေရမယ့် ရလဒ်တွေဟာ အထူးသဖြင့် အလုပ်အကိုင်အခွင့်အရေးတွေ၊ စီးပွားရေး အခွင့်အရေးတွေ တိုးတက်ဖို့လိုတာပေါ့၊ နိုင်ငံခြားရင်းနှီးမြှုပ်နံှမှုတွေ ပိုရလာရင် ကိုယ့်နိုင်ငံဖွံ့ဖြိုးရေးအတွက် တင်မကပါဘူး လူမှုရေးလည်းပါတယ် နည်းပညာလည်းပါတယ် ဈေးကွက်လည်းပါတယ်"

ဒီဥပဒေတွေဟာ တိုင်းဒေသကြီးတွေနဲ့ ပြည်နယ်တွေ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်ထောင်စုအစိုးရရဲ့ ခွင့်ပြုချက်နဲ့ ဆောင်ရွက်နိုင်မယ့် ဥပဒေဖြစ်ပါတယ်။

ဒီဥပဒေအတိုင်း မဖွံ့ဖြိုးသေးတဲ့ ပြည်နယ်တွေမှာ စီးပွားရေး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေ ပိုများလာအောင် ပြည်ထောင် စုအစိုးရအနေနဲ့ ပိုမိုလုပ်ဆောင်ပေးသင့်တယ်လို့လည်း ဒေါက်တာအောင်ထွန်းသက်က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။