နိုင်ငံခြားမြှုပ်နှံမှု ဒေါ်လာသန်း ၄၃ဝဝ မြန်မာရရှိခဲ့
2018.11.21
ပြီးခဲ့တဲ့ ၂ဝ၁၇ ခုနှစ်အတွင်း မြန်မာနိုင်ငံမှာ FDI (Foreign Direct Investment) လို့ခေါ်တဲ့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ ထောင့် ၃ ရာ ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါဟာ LDC (Least Developed Countries) လို့ခေါ်တဲ့ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံ ၄၇ နိုင်ငံထဲမှာ မြန်မာက ရင်းနှီးမြှုပ်နှံမှု အများဆုံးရခဲ့တာ ဖြစ်တယ်လို့ ကုလသမဂ္ဂက နိုဝင်ဘာလ ၂ဝ ရက်နေ့စွဲနဲ့ ထုတ်ပြန်တဲ့ "ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများဆိုင်ရာ ၂ဝ၁၈ ခုနှစ်အစီရင်ခံစာ" မှာ ဖော်ပြထားပါတယ်။
မြန်မာပြီးရင် FDI အများဆုံးရတဲ့ နိုင်ငံတွေကတော့ အီသီယိုပီးယား၊ ကမ္ဘောဒီးယားနဲ့ ဘင်္ဂလားဒေ့ရှ် ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု ၄၅ ရာခိုင်နှုန်း တိုးတက်ခဲ့ပြီး ကမ္ဘောဒီးယားထက် သုံးဆ ရှိခဲ့ပါတယ်။
မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နဲ့ လာအိုနိုင်ငံတို့ဟာ မကြာခင်နှစ်တွေအတွင်း ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ စာရင်းကနေ လွတ်မြောက်နိုင်ကြလိမ့်မယ်လို့ ကုလသမဂ္ဂ "ကုန်သွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ကမ္ဘာတဝှမ်း ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့နေတဲ့ တရုတ်နိုင်ငံဟာ လာမယ့် ၂ဝ၃ဝ ခုနှစ်အရောက်မှာ ကမ္ဘာပေါ်မှာ စီးပွားရေးအင်အားအကြီးမားဆုံးနိုင်ငံ ဖြစ်လာမယ်လို့ ခန့်မှန်းထားကြပြီး၊ အာရှတိုက်က ဖွံ့ဖြိုးမှုနည်းတဲ့ နိုင်ငံတွေဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းအတွင်း ရောက်ရှိသွားကြဖွယ် ရှိတယ်လို့ Nikkei Asian Review သတင်းစာမှာ ဖော်ပြထားပါတယ်။