အာဆီယံမှာ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြဿနာရင်ဆိုင်ရဖွယ်ရှိ


2018.11.12
assk-asean-investment-622 ၂ဝ၁၈ နိုဝင်ဘာလ ၁၂ ရက်နေ့က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ စီးပွားရေးညီလာခံတွင် အဖွင့်မိန့်ခွန်းပြောကြားရန် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာစဉ်။
Roslan RAHMAN/ AFP

စင်္ကာပူနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က... ဒေသတွင်းနိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ ရခိုင်အရေးနဲ့ပတ်သက်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုသွားတာ မရှိပေမယ့် ဒီညီလာခံမှာ ဒေသတွင်းနိုင်ငံတွေအကြား ရခိုင်ပြည်နယ်အရေး စိုးရိမ်မှုတွေက လွှမ်းမိုးနေမယ့် အရိပ်အယောင် ပိုများတယ်လို့ သုံးသပ်နေကြပါတယ်။ အကြောင်းစုံကို RFA ဝိုင်းတော်သူ မနန္ဒာချမ်းက တင်ပြထားပါတယ်။
~~~~~~~~~~~~

အာဆီယံမှာ ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြဿနာရင်ဆိုင်ရဖွယ်ရှိ
(နန္ဒာချမ်း)

■ နိုဝင်ဘာလ ၁၃ ရက်နေ့ကနေ ၁၅ ရက်နေ့အထိ ကျင်းပမယ့် ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးဆွေးနွေးပွဲ တက်ရောက်ဖို့ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဖိတ်ကြားချက်အရ စင်္ကာပူနိုင်ငံမှာ ရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က... မြန်မာနိုင်ငံက မဖံ့ွဖြိုးသေးတဲ့ကဏ္ဍတွေမှာ လာရောက်ရင်းနှီးမြှုပ်နှံကြဖို့  ဒီကနေ့ ဖိတ်ခေါ်လိုက်တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုညီလာခံအတွင်းမှာ စီးပွားရေးထက် မြန်မာနိုင်ငံက လတ်တလော နိုင်ငံရေး အခြေအနေတွေအပေါ် အများက အာရုံစိုက်မယ့် အလားအလာတွေလည်း ပိုများနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီဆွေးနွေးပွဲမှာ ရိုဟင်ဂျာဒုက္ခသည်ပြဿနာနဲ့ပတ်သက်ပြီး ရှင်းလင်းနိုင်ချေ ရှိတယ်လို့ သုံးသပ်သူတွေ ရှိနေသလို၊ မိတ်ဖက်အာရှနိုင်ငံတွေရဲ့ ထောက်ခံမှုရဖို့ ကြိုးပမ်းမယ့်သဘောမှာ ရှိတယ် ဆိုပြီးတော့လည်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြနေကြတာပါ။

ဒါနဲ့ပတ်သက်ပြီး မြန်မာ့အရေးသုံးသပ်သူ ဦးအောင်သူငြိမ်းကတော့... ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီပြဿနာဟာ အာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မလွဲမသွေ ရင်ဆိုင်ရမယ့်ကိစ္စလို့ ဆိုပါတယ်။

“အဓိကကတော့ အခုသွားတဲ့ အစည်းအဝေးက စင်္ကာပူက ဦးဆောင်တဲ့ အာဆီယံထိပ်သီး အစည်းအဝေးပွဲပါ။ ဒီအစည်းအဝေးထဲမှာလည်း မြန်မာပြည်ကရိုဟင်ဂျာတွေ အိမ်ပြန်ပို့ရေးကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ ခေါင်းစဉ်တခုလည်းရှိတော့ ဒီကိစ္စကို မြန်မာအစိုးရအနေနဲ့ ဘာလုပ်မလဲဆိုတဲ့ဟာကို ဖြေရှင်းရဖို့တော့ ရှိပါတယ်။ နောက်တခုက ဒီအာဆီယံအဖွဲ့ဝင် ၃ နိုင်ငံပေါ့ သိရသလောက်ဆိုရင် ဖိလစ်ပိုင်၊ စင်္ကာပူ၊ ထိုင်း ဒီသုံးနိုင်ငံက ဦးဆောင်ပြီးတော့ သုံးပွင့်ဆိုင်အဖွဲ့ပေါ့၊ ဒီအဖွဲ့ကလည်း မြန်မာပြည်ကိုလာဖို့ အဆိုပြုထားတယ်။ ဆိုတော့ သူတို့ကတော့ ဒီဇင်ဘာလောက်မှလာမယ့် အနေအထားရှိတယ်ပေါ့နော်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း တချို့ကိစ္စတွေ ဆွေးနွေးနိုင်တဲ့ အနေအထားမျိုး ကြုံရနိုင်ပါတယ်။ အထူးသဖြင့်တော့ ဒီ အာဆီယံ ထိပ်သီးအစည်းအဝေးမှာ သူ့ရဲ့မိတ်ဖက်နိုင်ငံတွေလည်း လာပါတယ်။ လာတဲ့အတွက် ဒီနိုင်ငံတွေနဲ့ sideline meeting ခေါ်တာပေါ့၊ ပြင်ပမှာ အစည်းအဝေးတွေ ရှိပါတယ်။ အဲဒီအနေအထားမှာတော့ မြန်မာပြည်မှာ လူ့အခွင့်အရေးအခြေအနေတွေ၊ သတင်းမီဒီယာကိစ္စတွေ တချို့ကိစ္စတွေ မေးတာဖြေရမယ့် အနေအထားရှိမယ်လို့ ထင်ပါတယ်”

ဒါပေမယ့် အခုကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲဟာ မြန်မာနိုင်ငံအတွက်တော့ ခါတိုင်းတက်ရတဲ့ အာဆီယံပွဲမျိုးတွေနဲ့ မတူနိုင်ဘူးလို့လည်း ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

“အထူးသဖြင့်တော့ မလေးရှားနိုင်ငံဝန်ကြီးချုပ် မဟာသီယာက တော်တော်လေးကို ပွင့်ပွင့်လင်းလင်းနဲ့ မြန်မာနိုင်ငံအပေါ် ဝေဖန်တာတွေ ရှိလာတယ်။ ရှိလာတဲ့အခါကျတော့ အာဆီယံထဲမှာလည်း ပြောမယ်ဆိုရင် ရိုဟင်ဂျာအရေးနဲ့ ပတ်သက်ပြီးတော့ သဘောထားကွဲတဲ့ ပုံစံမျိုးလည်း ရှိတယ်ပေါ့နော်။ ဒါမျိုးတွေကို ဖြေရှင်းရမယ့် အနေအထားရှိတယ်။ နောက်တခုကကျတော့ ကိုယ့်အပေါ် အမြင်ဆိုးနေတဲ့သူတွေကို ဖြေရှင်းဖို့ ဆိုတာကျတော့လည်း လက်တွေ့မှာ သိပ်လွယ်လှတဲ့ကိစ္စ မဟုတ်ဘူး”

ဒီအာဆီယံထိပ်သီးဆွေးနွေးပွဲမှာ မလေးရှားဝန်ကြီးချုပ် မဟာသီယာနဲ့ ဒေါ်အောင်ဆန်းစုကြည်က ဘေးချင်း ယှဉ်ထိုင်ရမယ့် အနေအထားဖြစ်တဲ့အတွက် ဆွေးနွေးပွဲတက်ရောက်လာသူတွေနဲ့ မီဒီယာတွေရဲ့ အဓိက အာရုံစိုက်မှုကို ခံရနိုင်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြတာပါ။

စင်္ကာပူနိုင်ငံမှာ သုံးရက်ကြာကျင်းပမယ့် အာဆီယံထိပ်သီးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကျော်တင်၊ နိုင်ငံခြားရေး ဝန်ကြီးဌာန အဆင့်မြင့်အရာရှိကြီးတွေနဲ့ တာဝန်ရှိသူတွေ လိုက်ပါခဲ့ကြသလို၊ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးစိုးဝင်း ကလည်း အာဆီယံစီးပွားရေး အသိုက်အဝန်းကောင်စီ အစည်းအဝေးနဲ့ ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ဝန်ကြီးအဆင့် အစည်းအဝေးကို တက်ရောက်ဖို့ မနေ့ကတည်းက စင်္ကာပူနိုင်ငံကို ထွက်ခွာသွားတာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။